မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ (ရုပ်/သံ)

မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှာ ဒီကနေ့မနက်ပိုင်းက နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဆရာတော်ပျံလွန်တော်မူခဲ့တယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန် ၁၉ ရက် ဒီကနေ့မနက်ပိုင်းမှာ အဖွဲ့ဝင်ဆရာတော်ဟာ ပဲခူးမြို့ကျောင်းတိုက်ကနေ ရန်ကုန်လေဆိပ်သွားရောက်ခဲ့ပါတယ်။ ရန်ကုန်လေဆိပ်ကနေမန္တလေးကို လေယာဥ်နဲ့ကြွသွားပြီးနောက် တံတားဦးလေဆိပ်ကနေ မန္တလေးမြို့အတွင်းသို့ ကားနဲ့ဆက်လက်ကြွချီစဉ် လေဆိပ်လုံခြုံရေးစစ်တပ်က ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

" ဆရာတော်ဟာ သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးသွားဖို့ ပဲခူးကနေ ကြွသွားတာပါ။ လေဆိပ်ကအထွက်မှာ လုံခြုံရေးစစ်သားတွေက စစ်ဆေးဖို့ရပ်ခိုင်းပါတယ်။  ဆရာတော်ကိုလာကြိုတဲ့ကားသမားက သွားခိုင်းတယ်ထင်ပြီး မောင်းထွက်ချိန်မှာ အနောက်ကနေလိုက်ပစ်တာပါ။ ကားပေါ်မှာ ဆရာတော်ရယ်၊ ကားသမားရယ်၊ လာကြိုတဲ့ဆရာတော်တပါးရယ် ၃ ယောက်ပါပါတယ်” လို့ ကျောင်းနဲ့နီးစပ်သူဒကာတဦးက ပြောပါတယ်။

ဆရာတော်လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါ မဟနအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ပြီး  လာကြိုတဲ့ မန္တလေးမြို့ကဆရာတော်တပါးကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခံရလို့  မဟနအဖွဲ့ဝင်ဆရာတော်ဟာ နေရာမှာပဲပျံလွန်တော်မူသွားပြီး ကြွင်းကျန်ရုပ်ကလာပ်ကို တံတားဦးဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ယနေ့ညနေ ၄ နာရီခွဲကျော်တဲ့အထိ ဆရာတော်ရဲ့ရုပ်ကလာပ်တော်ကို ပဲခူးမြို့၊ ကျောင်းတိုက်ကို ပြန်မသယ်ရသေးဘဲ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိသံဃာတော်နဲ့ဒကာတွေက ဆရာတော်ရဲ့ရုပ်ကလာပ်ကိုသွားရောက်သယ်ယူဖို့ လုပ်ဆောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဆရာတော်ပျံလွန်တော်မူသွားတာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ကို ကျောင်းတိုက်ဘက်ကထုတ်ပြန်ဦးမှာမဟုတ်ဘဲ အစည်း အဝေးထိုင်ပြီးမှသာ ထုတ်ပြန်တာတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မဟနအဖွဲ့ဝင်ဆရာတော် #ပစ်ခတ်ခံရ #ပျံလွန်တော်မူ #စစ်ကောင်စီတပ် #ပစ်ခတ်မှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10