မဟာမိတ်တပ်ရင်း ၃ ဖွဲ့က PDF ရဲဘော် ၇၅ ဦးကို လက်နက်တွေတပ်ဆင်ပေး

မဟာမိတ်တပ်ရင်း ၃ ဖွဲ့က PDF ရဲဘော် ၇၅ ဦးကို လက်နက်တွေတပ်ဆင်ပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းမှာ မတ် ၂၉ ရက်က တပ်ရင်း ၃ ရင်းက PDF ရဲဘော် ၈၀ ဦးကို Earthquake People Defence Force အဖွဲ့က စည်းလုံးရေး၊ စစ်ရေးနဲ့ နိုင်ငံရေးအသိ သင်တန်းပေးပြီး သင်တန်းဆင်းပွဲအခမ်းအနားမှာ ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ Earthquake People Defence Force ထံက သိရပါတယ်။

မတ် ၁၆ ရက်က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁၀ ရက်အကြာအတွင်း စည်းလုံးရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ ရဲဘော်အချင်းချင်းလေးစားမှုရှိစေရန် သင်ကြားပေးခဲ့ကာ မြိုင်ဘက်က သင်တန်းဆရာ၊ ခရိုင်အတွင်းက စစ်ရေး နိုင်ငံရေးဦးဆောင်နေတဲ့ ခေါင်းဆောင်တွေက လွတ်မြောက်နယ်မြေတနေရာမှာ ပြန်လည်သင်ကြားပေးခဲ့တာလို့ သိရပါတယ်။

သင်တန်းသားတွေဟာ Earthquake People's Defence Force၊ Young Force UG၊ Pakokku People's Defense Force မဟာမိတ် ၃ ဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ သိရပါတယ်။ 

“ပခုက္ကူမြို့နယ်မှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး အားနည်းနေတာတွေ၊ အဖွဲ့အစည်း‌တွေ မညီညွတ်တာတွေ၊ ပြည်သူတွေမှာ အညာစကားလိုပေါ့၊ ဘယ်အဖေကို အဖေလို့ခေါ်ရမှန်းမသိ၊ ဘယ်ဘုရားက တန်ခိုးကြီးမှန်းမသိ ဖြစ်နေတာတွေရှိတာကြောင့် တမြို့နယ်ထဲမှာ တပ်ဖွဲ့တပ်ရင်းတစုတည်းရှိအောင်၊ အသင်းအဖွဲ့အနေနဲ့ ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်နိုင်အောင်၊ အဓိက သင်ကြားပေးခဲ့တာ” လို့ Earthquake People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအရှည်ကြီးက ပြောပါတယ်။

၁၀ ရက်ကြာ သင်တန်းပေးပြီး ပြီးဆုံးတဲ့နေ့ မတ် ၂၆ ရက်ကတော့ သင်တန်းသား ရဲဘော် ၈၀ ထဲက ၇၅ ဦးကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

သင်တန်းဆင်းပွဲကို Earthquake People's Defence Force ၊ Young Force UG ၊ Pakokku People's Defense Force ၊ Hunter Pku အဖွဲ့တို့မှ အဖွဲ့အစည်းခေါင်းဆောင်များနှင့် နာယကများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #PDF #EarthquakePeopleDefence #စစ်ရေး #နိုင်ငံရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10