မအူရဲကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့‌စစ်ကြောင်းပါ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

မအူရဲကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့‌စစ်ကြောင်းပါ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

မကွေးတိုင်း၊ ရေစကြိုမြို့‌နယ်၊ မအူရဲကင်းစခန်းက စစ်သားနဲ့ရဲတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ခမရ ၂၅၇ တပ်က ခြေလျင်စစ်ကြောင်းပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့လို့ စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဥ်တွေနဲ့ ၁ နာရီကျော်ကြာ လှည့်လည်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ ရဲဘော်ဝေကြီးက မြေလတ်အသံကို ပြောပါတယ်။


ယမန်နေ့ ဧပြီလ ၃ ရက်နေ့ မနက် ၅ နာရီခန့်မှာ ရေစကြိုမြို့နယ် မအူရွာမှာရှိတဲ့ မအူရဲကင်းစခန်းကို သိမ်းယူဖို့ကြိုးစားခဲ့ပြီး မနက် ၈ နာရီလောက်မှာ စခန်းထဲကို ဝင်စီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

"မီးရှို့လို့ရတဲ့ ဘန်ကာတွေတော့ ရှို့ခဲ့တယ်။ အုတ်တိုက်တွေတော့ ရှို့လို့မရခဲ့ဘူး။ စခန်းမှူးအပါအဝင် ၇ ယောက် သေတယ်။ အပေါ်ကလည်း ဒရုန်းနဲ့ဗုံးကြဲချပြီး အပေါ်အောက်ညှပ်ဆော်တာ။ တချို့ထွက်ပြေးကုန်ကြတယ်။ မနက် ၈ နာရီကျော်ကျော်မှာ နမခ က Mi 35 နဲ့ ၁ နာရီလောက် လာပစ်တယ်။ ပစ်တော့ ကျနော်တို့လည်း စခန်းကဆုတ်ပေးခဲ့ရတယ်။ အဲဒီ မအူရဲကင်းစခန်းမှာ ရဲနဲ့စစ်သား ၂၄ ယောက်ရှိတယ်" လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ ဇီးတောကနေ မအူရဲကင်းစခန်းကိုတပ်ကူလာတဲ့ စစ်သား ၃၀ က မိုင်းကွင်းထဲဝင်လာတာကြောင့် ပဒေသာမိုင်းအလုံး ၂၀ ဆွဲခဲ့ရာ စစ်ကောင်စီဘက်က ၁၇ ဦး ထပ်မံသေဆုံးတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ရဲ့ ပဒေသာမိုင်း အလုံး ၂၀ နဲ့ဆွဲလိုက်တယ်။ အဲဒီမှာ ၁၇ ကောင်သေတယ်။ ကျနော်တို့မျက်မြင်ကတော့ မအူရဲကင်းစခန်းမှာ ၇ ကောင်လောက်သေပြီး မိုင်းဆွဲတာနဲ့ဆို ၂၄ ကောင် သေတယ်" လို့ ရဲဘော်ဝေကြီးက ထပ်ပြောပါတယ်။

ဒီထိခိုက်သေဆုံးမှုတွေကို ကာကွယ်ရေးရဲဘော်တွေက ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

မအူရဲကင်းစခန်းမှ G3 ၁ လက်၊ ဒရုန်းပစ်တဲ့ဂန်း ၁ လက်၊ ဗုံးသီးတွေ သိမ်းဆည်းရခဲ့ပြီး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ ၊ မြိုင် ပကဖ တပ်ရင်း ၂ ၊ ဆားလင်းကြီးအဖွဲ့ နှင့် MRDA အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10