မိတ္တီလာမှာ သားအမိ ၂ ဦး နေအိမ်အတွင်း အသတ်ခံရ

မိတ္တီလာမှာ သားအမိ ၂ ဦး နေအိမ်အတွင်း အသတ်ခံရ

မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့နယ်မြေ ၈ မှာ  သားအမိတော်စပ်သူ အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူ ၂ ဦးမှာ အဆိုပါရပ်ကွက်နေ မိခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်ဝင်းနဲ့ သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မခိုင်သင်းတို့ဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက် မနေ့ည ၇ နာရီခွဲခန့်မှာ နေအိမ်အတွင်းရှိနေချိန်  အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

" ဖြစ်တဲ့အချိန် အိမ်မှာက သူတို့သားအမိနှစ်ယောက်ပဲ ရှိနေတာ။ ဘာကြောင့်သတ်ဖြတ်ခံရတယ်ဆိုတာတော့ မသိရသေးဘူး။ ဓားတွေနဲ့ ထိုးခံထားရတာ။"လို့ မိတ္ထီလာမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သတ်ဖြတ်ခံရသူ အမျိုးသမီး ၂ ဦးမှာ ရင်ဘတ်၊ လည်ပင်းအပါအဝင် ခန္ဓာကိုယ်တွေမှာ ထိုးသွင်း၊ လှီးဖြတ် ဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားစဥ် နေအိမ်အတွင်း အော်ဟစ်သံတွေကြားရလို့ ဘေးပတ်ဝန်းကျင်နေအိမ်တွေက လာရောက်ကြတာကြောင့် ကျူးလွန်သူတွေက ထွက်ပြေးခဲ့ရာ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိထားသူတွေဟာ တောင်သာမြို့နေသူ အသက် ၁၉ နှစ်အရွယ် ခန့်ဇော်ဟိန်း၊ တပ်ကုန်းမြို့နေသူတွေဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ထက်မင်းခန့်၊ အသက် ၂၀ အရွယ် စွမ်းပြည့်ပိုင်တို့ ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေထဲက အမျိုးသား ၁ ဦးနဲ့ အသတ်ခံရသူတွေအကြား လူမှုရေးကိစ္စတွေကြောင့်လို့ ဒေသခံတချို့က ပြောဆိုပေမယ့် ဘာကြောင့်အသတ်ခံရတယ်ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖမ်းဆီးရမိထားသူတွေကိုတော့ ပြည်သူတွေက ရဲစခန်းကိုအပ်ပေးလိုက်ပြီး သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ ဒေသခံပရဟိတအဖွဲ့ဝင်တွေက မိတ္တီလာပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #မိတ္ထီလာ #လူသတ်မှု #မှုခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10