မိတ္ထီလာဗဟိုဈေးမှာ စစ်ကောင်စီက တန်းစီသက်သာဈေးဆိုင်တွေ စတင်ရောင်းချ

မိတ္ထီလာဗဟိုဈေးမှာ စစ်ကောင်စီက တန်းစီသက်သာဈေးဆိုင်တွေ စတင်ရောင်းချ

အရင် စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာ ဖွင့်လှစ်ရောင်းချလေ့ရှိတဲ့ တန်းစီးဝယ်ယူရတဲ့ သက်သာဈေး အရောင်းဆိုင်တွေကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်မှာ ဒီနေ့ စတင်ရောင်းချပေးခဲ့တယ်လို့ မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီလက်အောင်ခံ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဩဂုတ်လ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်။  

အဲဒီဈေးဆိုင်တွေမှာ စစ်ကောင်စီက လူတဦးလျှင် ဧည့်မထဆန် တပြည် ၂၅၀၀ ကျပ်နဲ့ ၂ ပြည်ဝယ်ယူနိုင်သလို စားသုံးဆီ တပိဿာကို ၄၆၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခြား စားသောက်ကုန်တွေကိုလည်း သတ်မှတ်အရေအတွက်အလိုက် ကန့်သတ်ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ 


ဈေးသက်သာတဲ့အတွက် သွားရောက်ဝယ်ယူတဲ့အခါမှာ မိသာစုတအိမ်ထောင်ကို လူတယောက်နူန်း တန်းစီဝယ် ယူရတာမျိုးဖြစ်ပြီး သတ်မှတ်နူန်းထားအတိုင်းလည်း ရောင်းချပေးတာ မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

"တဦးကို ဆီတပိဿာစီ ရောင်းချပေးမယ်ဆိုလို့သွားတိုးတာ တယောက်ကို ငါးဆယ်သားပဲ ရတယ်။ တအိမ်ကို တယောက်ပဲတန်းစီလို့ ရတယ်။ ကိုယ်တာရတဲ့ဟာက မလောက်ဘူး။"လို့ မိတ္ထီလာ မြို့နေထိုင်သူ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

 အဲဒီတန်းစီဝယ်ယူရတဲ့ သက်သာဆိုင်မှာ ဆန်နဲ့ဆီက ပြင်ပပေါက်ဈေးထက် ထက်ဝက်ခန့်ဈေးသက်သာ သော်လည်း အိမ်ထောင်စုတခုအတွက် တပတ်စာပြည့်အောင်ပင် ဝယ်ယူလို့ရတာမျိုး မဟုတ်သလို ကြက်ဥ၊ ဘဲဥ ဈေးနူန်းမှာလည်း ပြင်ပပေါက်ဈေးထက် ၅၀ ကျပ်ခန့်သာကွာခြားပြီး လိုသလောက် ဝယ်ယူလို့မရနိုင်တာမျိုး မဟုတ်ပါဘူးလို့ သိရပါတယ်။ 

အခုလို စားသောက်ကုန်တချို့ကို အကန့်အသတ်နဲ့ရောင်းချလို့ တန်းစီဝယ်ရတဲ့ သက်သာဈေးဆိုင်တွေကို မိတ္ထီလာမြို့ပေါ်မှာ အပတ်စဉ်အင်္ဂါနေ့တိုင်း ဖွင့်လှစ်သွားမယ်လို့သိရသလို နေပြည်တော်နဲ့ ရန်ကုန်တိုင်းတွေမှာလည်း အခုလို တန်းစီဝယ်ယူရတဲ့ သက်သာဈေးဆိုင်တွေ စတင်ဖွင့်နေပြီလို့ သိရပါတယ်။ 

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတလျှောက်လုံးမှာ စစ်တပ်ဟာ ကုန်းဈေးနူန်းကြီးမြင့်မှုတွေကို စီးပွားရေးသီအိုရီ နည်းအရ နည်းမှန်လမ်းမှန် ဖြေရှင်းတာမျိုးမလုပ်ဘဲ အခုလို တန်းစီသက်သာ ဈေးဆိုင်ဖွင့်လှစ်တာ၊ အခွန်လွတ်ဈေးဖွင့်လှစ်တာ စတဲ့ ဝါဒဖြန့်နည်းလမ်းတွေနဲ့သာ ဖြေရှင်းဖို့ ကြိုးစားလေ့ရှိပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မိတ္ထီလာ #ကုန်ဈေးနှုန်း #မြင့်တက် #စစ်ကောင်စီ #တန်းစီစနစ် #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10