သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေရရှိထားတဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ဦး ဖေဖော်ဝါရီ ၈ ရက် မနေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ ၄ မှာနေထိုင်တဲ့ အသက် ၂ နှစ်အရွယ် မသူချစ်ခင် ဆိုသူဖြစ်ပြီး ၎င်းဟာ ပထွေးဖြစ်သူရဲ့ မကြာခဏရိုက်နှက်နှိပ်စက်မှုခံရပြီးနောက် ယမန်နေ့မှာသေဆုံးသွားခဲ့တာလို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"ကလေးကို ပထွေးကနှိပ်စက်တယ်ဆိုပြီး လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကတည်းက ပတ်ဝန်းကျင်ကတိုင်လို့ ရပ်ကွက်ရုံးထိသွားရှင်းကြပြီးပြီ။ ကလေးဆုံးတော့ အအေးပတ်လို့သေတယ်ဆိုပြီး သတင်းဖြန့်တယ်။" လို့ ၎င်းက ပြောပါတယ်။
ကလေးမိခင်မှာ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ ၄ က အသက် ၂၅ နှစ် အရွယ် မပြည့်စုံဝင်း သေဆုံးကလေးငယ်နဲ့အတူနေသူဖြစ်ပြီး ပထွေးမှာ သီရိမင်္ဂလာရပ်ကွက်၊ နယ်မြေ ၁၄ မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ရန်နိုင်စိုးဖြစ်ကာ မိခင်က ပထွေးဖြစ်သူနေအိမ်ကိုသွားရောက်တိုင်း ကလေးကိုခေါ်သွားလေ့ရှိကာ ခေါ်ဆောင်သွားတိုင်းလည်း ပထွေးဖြစ်သူက မကြာခဏရိုက်နှက်နှိပ်စက်လေ့ရှိတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး မိခင်နဲ့ပထွေးတို့ကို ၎င်းတို့ရဲ့နေအိမ်တွေမှာ ရဲကသွားရောက်ဖမ်းဆီးခဲ့ကာ လက်ရှိမှာ မိတ္ထီလာမြို့မရဲစခန်းမှာချုပ်နှောင်ထားပြီး ပထွေးဖြစ်သူကို လူသတ်မှုပုဒ်မ ၃၀၂၊ မိခင်ဖြစ်သူကို လူသတ်မှုကိုအားပေးကူညီမှု ၃၀၂/၁၁၄ စတဲ့ ပုဒ်မတွေနဲ့ အသီးသီးအမှုဖွင့်စစ် ဆေးနေတယ်လို့ သိရပါတယ်။
" ကလေးမှာက ဒဏ်ရာဒဏ်ချက်တွေ အများကြီးရထားတာ။ ကြားတာကတော့ ကလေးကိုလက်နဲ့ရိုက်တာပေါ့နော်။ ရဲကစစ်ချက်ယူတာတောင် ကလေးကို ချစ်လို့ကုန်းကိုက်တာလို့ပဲ ဖြေတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
ပထွေးနဲ့မိခင်ဖြစ်သူတို့က ကလေးငယ်ကိုဘာကြောင့် ရိုက်နှက်နှိပ်စက်တယ်ဆိုတာကိုတော့ သေချာမသိရဘဲ နှိပ်စက်ခံရတိုင်းလည်း မိခင်ဖြစ်သူက ဂရုတစိုက်ဆေးကုသပေးတာမျိုးလည်းမရှိဘူးလို့ ဆိုပါတယ်။
သေဆုံးကလေးငယ်ရဲ့ရုပ်အလောင်းဓာတ်ပုံမှတ်တမ်းတွေအရ မျက်နှာ၊ ခြေ၊ လက်တွေအပါ ခန္ဓာကိုယ်အနှံ့မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာအများအပြားရရှိထားပြီး ရုပ်အလောင်းကို ရပ်ကွက်တာဝန်ရှိသူတွေနဲ့ အနီးဝန်းကျင်ဒေသခံတွေက ယမန်နေ့မှာပဲ နေ့ချင်းသင်္ဂြိုဟ်ပေးလိုက်ကြတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မိတ္ထီလာ #ကလေးသူငယ် #နှိပ်စက် #သေဆုံး #မှုခင်း
Share Share Share