မိတ္ထီလာလေတပ်က စစ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး၊ တပ်ကြပ်တဦး ဆေးရုံတင်ထားရဟုဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး တပ်ကြပ်တဦး ဆေးရုံတင်ထားရတယ်လို့ မြင်းခြံခရိုင်တပ်ရင်း အမှတ် - ၃ အဖွဲ့ဆီက သိရပါတယ်။

တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာက ဘုန်းကြီးကျောင်းထဲမှာ အင်အား ၄၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေကို ဇွန်လ ၂ ရက် ညနေ ၄ နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ တာဝန်ခံ ဗိုလ်မူတူးက ပြောပါတယ်။

"ဇရပ်ကြီကျေးရွာ ဘုန်းကြီးကျောင်းမှာက မိတ္ထီလာလေတပ်က စစ်သား ၄၀ လောက်ရှိတယ်။ ကျနော်တို့ ပစ်ခတ်ခဲ့လို့ နေရာတင်ပွဲချင်းပြီးသေတာက ၇ ဦးရှိပြီး ဒဏ်ရာရတာတွေ များတယ်၊ တပ်ကြပ် ၁ ကောင်ပါ ခု တောင်သာဆေးရုံမှာ၊ သေနိုင်တယ်" လို့ တာဝန်ခံက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ကြာခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပြန်လည်ဆုတ်ခွာရာမှာ အဲဒီနေ့က မိုးရွာနေတာကြောင့် တောင်ကျရေထဲ ရဲဘော် ၂ ဦး မျောပါသွားကာ သေနတ် ၁ လက် ဆုံးရှုံးလိုက်ရပြီး ရေထဲမျော်ပါသွားတဲ့ ရဲဘော် ၂ ဦးကိုတော့ ကယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈၊ MGN 8 Star  နဲ့ MDDS တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

#မြေလတ်အသံ 

#မန္တလေး #တောင်သာ #မိတ္ထီလာလေတပ် #သေဆုံး #တပ်ကြပ်ဒဏ်ရာရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10