မိတ်ဖက်ပဋိပက္ခများကို ရှောင်ရှားပြီး အညာတပ်ပေါင်းစုဖြင့် စစ်တပ်ကြီးကို ဖိအားများပေးကြစို့ (အယ်ဒီတာ့အာဘော်)

မိတ်ဖက်ပဋိပက္ခများကို ရှောင်ရှားပြီး အညာတပ်ပေါင်းစုဖြင့် စစ်တပ်ကြီးကို ဖိအားများပေးကြစို့ (အယ်ဒီတာ့အာဘော်)

၁၀၂၇ ဒုတိယလှိုင်း ပြန်စကတည်းက ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးစသည့် မြို့များနှင့် မန္တလေးတိုင်းအတွင်းက စဉ့်ကူး၊ မတ္တရာမြို့များတွင် အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီလက်အောက်ခံတပ်များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကြသည်။ 

လားရှိုးကဲ့သို့သော မြို့ကြီး၌ပင် အာဏာရှင်တော်လှန်ရေးတပ်များက အသာစီးရနေကြသကဲ့သို့ ပြင်ဦးလွင် တပ်မြို့ကိုပင် ခြိမ်းခြောက်ထားနိုင်သည့် အခြေအနေဖြစ်နေသည်။ 

ထို့အတူ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ မတ္တရာမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ရဲစခန်း၊ စစ်စခန်းအချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ကြ သည်။ ယခုဆိုလျှင် စစ်ကောင်စီသည် မန္တလေးမြို့ကိုပင် ခံစစ်ပြင်ဆင်နေရသည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်၏။ 

ရခိုင်ပြည်ကို ကြည့်မည်ဆိုလျှင်လည်း အာရက္ခတပ်တော်(AA)သည် ကမ္ဘာကျော်ငပလီကမ်းခြေမြို့နှင့် သံတွဲမြို့ ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ ကျန်ရှိနေသေးသည့် မြို့များကို ဆက်လက်သိမ်းပိုက်နိုင်ရန်လည်း အာရက္ခ တပ်တော်က အားသွန်ခွန်စိုက်ကြိုပမ်းလျက်ရှိနေသည်။ 

အထက်ပါ စစ်ရေးမျက်နှာစာများတွင် ခံစစ်သဘောနှင့် စစ်ရေး အရေးနိမ့်မှုအခြေအနေသည် အာဏာသိမ်း စစ်တပ် အကျပ်ရိုက်၊ အရှိုက်ထိစေသည့် အခြေအနေပင်။ 

စစ်ရေးရှုံးနိမ့်မှုများကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏နောက်လိုက်စစ်ဗိုလ်ချုပ်များကို ဖမ်းဆီးထောင်ချခြင်း၊ ရာထူးဖြုတ်ခြင်း၊ စစ်ဗိုလ်ချုပ်အသစ်များ အစားထိုးခန့်အပ်ခြင်းစသည့် တပ်တွင်းဖရိုဖရဲဖြစ်မှုများက ဆက်တိုက်ဖြစ်နေသည်။ 

စီးပွားရေးဘက်တွင်လည်း ဒေါ်လာဈေးအဆမတန်တက်ပြီး ကုန်ဈေးနှုန်းများကြီးမြင့်နေသည်။ ယင်းအခြေအနေကို ထိန်းသိမ်းရန် မင်းအောင်လှိုင်သည် ဘဏ်လုပ်ငန်းရှင်၊ ရွှေလုပ်ငန်းရှင်များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များကို လိုက်ဖမ်းသည်။ ၎င်းသည် ပြဿနာများကို ဖြေရှင်းရန် ကြိုးစားရင်း ပို၍ပင် အကျပ်ဆိုက်လာသည်။ 

မင်းအောင်လှိုင်သည် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် စွမ်းဆောင်နိုင်သူ၊ အရည်အချင်းရှိသူ မဟုတ်ကြောင်း သိမြင်လာသည့်အခါ တရုတ်က ပြုပြင်ပြောင်းလဲရေးလုပ်ရန် မင်းအောင်လှိုင်ကို ဖိအားပေးလာသည်။ 

ထိုအခါ မင်းအောင်လှိုင်သည် ပြုပြင်ပြောင်းလဲရေးလုပ်သည့်အနေဖြင့် သူ့ကိုယ်သူ သမ္မတရာထူးပေးအပ်လိုက်သည်။ သူဖြစ်ချင်နေသည့် သမ္မတရာထူးကို ပိုင်ဆိုင်သွားခြင်းဖြစ်သော်လည်း ယင်းလုပ်ရပ်နှင့်ပတ်သက်၍ ဝေဖန်လှောင်ပြောင်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် လုပ်စရာ များများစားစားမကျန်တော့ပေ။ သူ့အခြေအနေက လှုပ်လေ မြုပ်လေဖြစ်လာသည်။ ၎င်းအတွက် တရက်နှင့် တရက် ပို၍ပင်ကျပ်တည်းလာခြင်းက နွေဦးတော်လှန်ရေးသမားများအတွက် တနေ့ထက်တနေ့ အောင်မြင်မှုပန်းတိုင် ပို၍နီးကပ်လာခြင်းဖြစ်သည်။ 

ဤကဲ့သို့ တော်လှန်ရေးအောင်မြင်မှုများ တဖက်တွင်ရှိနေအချိန် အညာဒေသ၌ တော်လှန်ရေးမိတ်ဖက် အချင်းချင်းကြား ပဋိပက္ခများဖြစ်ပွားနေခြင်းကိုလည်း ဝမ်းနည်းဖွယ်ရာ မြင်တွေ့နေရသည်။ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)၊ ပသုံးလုံးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)အဖွဲ့များကြား ဖြစ်ပွားနေသည့် ပဋိပက္ခများပင်ဖြစ်သည်။

တော်လှန်ရေးအစပိုင်း၌ အာဏာရှင်စစ်တပ်ကြီး ပြုတ်ကျသွားရန်ဆိုသည့် တခုတည်းသောရည်မှန်းချက်ဖြင့် အတူလျှောက်လှမ်းခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် အချင်းချင်းကြား ပဋိပက္ခများက ပိုများလာသည်။ 

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဌာနက ဖွဲ့ပေးထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ဟူသော ပသုံးလုံးအဖွဲ့နှင့် ဒေသခံပြည်သူများ၊ အခြားသော လက်နက်ကိုင်အဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသည့် ပဋိပက္ခများပင်ဖြစ်သည်။ 

တိုင်းရင်းသားဒေသများ၌ စစ်ရေးအရအောင်ပွဲများ အလီလီရရှိနေချိန် အညာဒေသ၌လည်း လက်နက်ကိုင် အချင်းချင်းကြား ပဋိပက္ခများဖြစ်နေမည့်အစား အညာတပ်ပေါင်းစုများဖွဲ့စည်း၍ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲ များ ဆင်နွှဲဖို့ကောင်းသည်။ နေရာ၊ ရာထူးများထက် တော်လှန်ရေးကိုသာ ဦးထိပ်ထားသင့်သည်။ 

ထို့ကြောင့် အညာဒေသက တော်လှန်ရေးအဖွဲ့အသီးသီးအနေဖြင့် ရာထူး၊ နေရာများကို ကြည့်မနေဘဲ လက်ရှိ အခြေအနေတွင် လက်နက်ကိုင် အညာတော်လှန်ရေးတပ်ပေါင်းစုများ ဖွဲ့စည်း၍ အရေးနိမ့်နေပြီဖြစ်သော စစ်ကောင်စီဖြုတ်ကျရေးအတွက် ဆက်တိုက်ဖိအားများပေးသင့်ကြောင်း ကျွန်ုပ်တို့မြေလတ်အသံက အလေးအနက်တိုက်တွန်းလိုက်ပါသည်။ 

#မြေလတ်အသံ

#အယ်ဒီတာ့အာဘော် #စစ်တပ် #အရေးနိမ့် #အညာ #တပ်ပေါင်းစုု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10