မိသားစုလိုက်အသတ်ခံလိုက်ရတဲ့ ကနီပညာရေးတာဝန်ခံ ဦးဝင်းဌေး ဘယ်လိုလူလဲ (ရုပ်ပုံလွှာ)

မိသားစုလိုက်အသတ်ခံလိုက်ရတဲ့ ကနီပညာရေးတာဝန်ခံ ဦးဝင်းဌေး ဘယ်လိုလူလဲ (ရုပ်ပုံလွှာ)

တော်လှန်ရေးအင်အားစုတွေ အားကောင်းစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၃ လသားအရွယ် သမီး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ နိုဝင်ဘာ ၄ ရက်မှာ လည်ပင်းလှီးဖြတ် ဓားဒဏ်ရာတွေနဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာဖြစ်ပါတယ်။ 

အသတ်ခံရသူ ဦးဝင်းဌေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကနီမြို့နယ်ပညာရေးတာဝန်ခံတဦးလည်းဖြစ် သလို ကနီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)တဦးလည်း ဖြစ်ပါတယ်။ 

သူဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ဆန္ဒပြလှုပ်ရှားမှုတွေထဲက တခုဖြစ်ခဲ့တဲ့ ဖဲကြိုးနီကမ်ပိန်းကို ကနီပညာရေးအဝိုင်းဝန်းမှာ ပေါ်လာအောင် စတင်ခဲ့သူဖြစ်ပြီး ကနီမြို့ ပညာရေးသပိတ်စစ်ကြောင်းရယ်လို့ ပေါ်ပေါက်လာတဲ့ထိ စည်းရုံးလှုံ့ဆော်ခဲ့သူဖြစ်တယ်လို့ သူနဲ့အတူ သပိတ်ထွက်ခဲ့တဲ့ CDM ဆရာမတဦးက ဆိုပါတယ်။

ဒါ့အပြင် ကနီမြို့ ပညာရေးစစ်ကြောင်းမှာသာမက ဖေဖော်ဝါရီပထမပတ်မှာ စတင်ခဲ့တဲ့ ကနီမြို့ရဲ့ ပထမဆုံး သပိတ်လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပညာရေး CDM တွေကို စုစည်းကာ စာရင်းပြုစုတာတွေလည်း လုပ်ခဲ့ကြပြီး CRPH ပေါ်လာပြီး ပညာရေးဘုတ်အဖွဲ့  စတင်ဖွဲ့စည်းချိန်မှာတော့ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်ချင်းနဲ့ လုပ်ရည်ကိုင်ရည်တွေကြောင့် ကနီမြို့နယ် ပညာရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ရပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေကြသူတွေအားလုံး စစ်သင်တန်းတက်တာ၊ ပြောက်ကျားသပိတ်တွေထွက်တာ စတဲ့ ကျရာအခန်းကဏ္ဍတွေကနေ လှုပ်ရှားနေကြချိန် ဦးဝင်းဌေးကတော့ မြေပြင်စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့လုံးပန်းနေခဲ့တယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဆိုပါတယ်။

သူ့ရဲ့ ကြိုးစားမှုကြောင့် ၂၀၂၂ ဇန်နဝါရီ ၄ ရက်မှာတော့ မြေပြင်စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ကို တပြိုင်တည်းဖွင့်နိုင်ခဲ့ပြီး ကနီဟာ စာသင်ကျောင်းတွေ အများကြီး တပြိုင်တည်းဖွင့်နိုင်တဲ့ ပထမဆုံးမြို့နယ်ဖြစ်တာကြောင့် ဝန်ကြီးဌာနရဲ့ ချီးကျူးမှုကိုပါ ခံခဲ့ရတာပါ။

“ဦးဝင်းဌေးရဲ့ ခေါင်းဆောင်မှုနဲ့ ကနီမြို့နယ်က ပထမဆုံးဖွင့်ခဲ့လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကျမတို့မြို့နယ်နဲ့တွေ့ပြီးတော့တောင်မှ သူတို့ဂုဏ်ယူတယ်။ အဲ့ကနေမှ ဆင့်ပွားဆင့်ပွားပြီးတော့ တခြားသောမြို့နယ်တွေလည်း ဒီကနေတဆင့် ကူးစက် ဖွင့်နိုင်တာဖြစ်တယ်။” ကနီပညာရေး ဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးဝင်းဌေးဟာ သတ်ဖြတ်မခံရခင် နိုဝင်ဘာ ၄ ရက်နေ့ ညနေထိ ကနီမြို့နယ်ပညာရေးအတွက် ကြိုးစားနေခဲ့ တာပါ။ သူနေထိုင်ရာ တပုန်းရွာနဲ့ အနည်းငယ်ဝေးတဲ့ ကျေးရွာတခုမှာ ပညာရေးအစည်းအဝေးတခု တက်နေခဲ့တာဖြစ်ပြီး အစည်းအဝေးက ညနေ ၆ နာရီမှ ပြီးဆုံးခဲ့ပါတယ်။ 

သူ့ရဲ့အိမ်ကို ည ၁၀ နာရီခွဲဝန်းကျင်မှ ပြန်ရောက်ခဲ့ပြီး သတ်ဖြတ်မခံရခင် ည ၁၂ နာရီကျော်တဲ့ထိ ဆိုရှယ်မီဒီယာ (Social Media) အသုံးပြုနေခဲ့တာကြောင့် ဦးဝင်းဌေးတို့ မိသားစုဟာ နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီကနေ ၅ နာရီအတွင်း သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ အခင်းဖြစ်စဥ်ကိုကြည့်ပြီး သုံးသပ်ကြပါတယ်။ 

နိုဝင်ဘာ ၅ ရက် မနက်ပိုင်း နောက်ကျတဲ့ထိ အိမ်တံခါးမဖွင့်ခဲ့ပေမယ့် ရပ်ရွာကတော့ အိပ်ရာဝင်နောက်ကျပြီး မနိုးသေးတာကြောင့်လို့သာ တွေးခဲ့ကြပြီး မွန်းလွဲ ၂ နာရီမှသာ ဦးဝင်းဌေးတို့ အိမ်ကိုသွားလည်တဲ့ ကလေးငယ် ၁ ဦးကြောင့် သတ်ဖြတ်ခံရမှန်း သိခဲ့ကြတာပါ။

“သူတို့အိမ်ကို အမြဲတမ်းဝင်ထွက်ပြီးတော့ အလည်သွားနေကျကလေးက သွားရင်းနဲ့မှ သူတို့ရဲ့တံခါးအဟကနေ ဖြစ်ပျက်နေတဲ့ ပုံစံပေါ့နော်၊ အမျိုးသမီးက ခြင်ထောင်ထဲမှာ လုံးထွေးပြီးတော့ ကျနေတဲ့ ပုံစံမျိုးကိုမြင်တော့မှ ကလေးလေးက လူကြီးတွေကို သွားပြောတော့မှ လူကြီးတွေ လာကြည့်မှ ဒီလိုဖြစ်နေတယ်ဆိုတာကို စသိတာပါ။” လို့ ကနီပညာရေးဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွာသားတွေ သွားကြည့်ချိန်မှာတော့ အသက် ၃၅ နှစ်ရွယ် ဦးဝင်းဌေး၊ ဇနီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မခြိမ့်ခြိမ့်သဲဝေ၊ အသက် ၃ လကျော်အရွယ် သမီးငယ် ရွှေဝတ်ရည်လွှာတို့ ၃ ဦးစလုံးကို လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးလျက်သားတွေ့ခဲ့ကြတာပါ။

မိဘတွေနဲ့အတူတူသတ်ဖြတ်ခံခဲ့ရတဲ့ သမီးငယ်လေး ရွှေဝတ်ရည်လွှာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကမှ ရက် ၁၀၀ ပြည့်မွေးနေ့ ကျင်းပထားတာဖြစ်ပြီး သတ်ဖြတ်ခံရချိန်မှာ ၁၁၅ ရက်ပဲ ရှိပါသေးတယ်။

“ဦးဝင်းဌေးဆိုရင်လည်း လည်လှီးခံထားရတယ်။ သူ့ထက်ကို သူ့အမျိုးသမီးက ပိုပြီးတော့ ဒဏ်ရာဒဏ်ချက် များတယ်၊ ခုခံတယ်၊ ရုန်းကန်တယ်ဆိုတဲ့ သဘောမျိုးကြောင့်ဖြစ်မယ်။ သူ့အမျိုးသမီးကကျ လှီးတဲ့အဆင့် မဟုတ်ဘဲနဲ့ ခုတ်ခံရတဲ့ အဆင့်ပုံစံမျိုးဖြစ်တယ်။ ဒီထက်ပိုဆိုးတာကတော့ ကလေးလေးပါ လှီးသွားတာပေါ့နော်။ ကျမတို့က အစကတော့ ကလေးက လူကြီးတွေနဲ့ ပိမိပြီး လေတွေဘာတွေ ပြတ်သလားတောင် ထင်မိတာ။ ဒါပေမယ့် တကယ်တမ်းကျ ကလေးကိုပါ လှီးသွားတယ်။ ကလေးကို လှီးရုံတင်မကဘူး ကလေးရဲ့ ခေါင်းတွေဆိုလည်း အိဝင်နေတယ်၊ ခေါင်းတွေပါ ထုသွားတဲ့ သဘောမျိုးတော့ရှိတယ်။” လို့ ကနီပညာရေး ဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးဝင်းဌေးဟာ ပျော်ပျော်နေတတ်ပြီး လူတိုင်းကို ကူညီတတ်တာကြောင့် ခုလို ရက်ရက်စက်စက် သတ်ဖြတ်နိုင်တဲ့ ရန်ငြှိုးရန်စရှိသူရယ်လို့ မရှိသလို၊ သူနဲ့ ပဋိပက္ခရယ်လို့ ဖြစ်ထားသူလည်း မရှိဘူးလို့ ပညာရေးဘုတ် အဖွဲ့ဝင်တဦးက သုံးသပ်ပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ တဆောင်တည်းနေကာ ပညာသင်ကြားခဲ့ရဖူးတဲ့ သူငယ်ချင်းဖြစ်သူကလည်း ဦးဝင်းဌေးက သဘောကောင်းကာ ပျော်ပျော်နေတတ်သူဖြစ်ကြောင်း ခုလိုမှတ်ချက်ပြုပါတယ်။

“သူက ပျော်ပျော်နေတတ်တဲ့ပုံစံထဲ ပါပါတယ်။ အချင်းချင်း ကူညီစရာရှိရင်လည်း ကူညီတတ်တယ်။ ဒီကာလ သူနဲ့အဆက်အသွယ်ပြန်ရဖြစ်တာ မကြာသေးဘူး။ သူ့နယ်မှာ ပညာရေး ဘယ်လိုသွားနေလဲ ဘာညာ ပြောဖြစ်တယ်။”

တပုန်းကျေးရွာဟာ ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းမှာတည်ရှိပြီး ကနီမြို့နဲ့ ၈ မိုင်ကွာဝေးပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ရွာမဟုတ်ဘဲ တပုန်းရွာကို ရောက်ဖို့ ကြားမှာ ရွာ ၅ ရွာခန့်ကို ဖြတ်ရသေးတာကြောင့် စစ်ကောင်စီတပ်တွေ အလွယ်တကူ ဝင်ထွက်လို့ရတဲ့ ကျေးရွာမဟုတ်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ ကနီမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့-ပလဖ၊ ယင်းမာပင်ခရိုင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့-ပလဖ တို့က အမှုကိုင်တွယ် စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဘယ်သူဘယ်ဝါသတ်တယ်ဆိုတာ မသိရသေးပေမယ့် တော်လှန်ရေးစိုးမိုးနယ်မြေမှာ ဖြစ်သွားတဲ့အတွက် အချင်းချင်းသတ်ဖြတ်တယ်ဆိုတဲ့ စကားသံတွေလည်း ထွက်ပေါ်နေပါတယ်။

ယင်းမာပင် ခရိုင် ပကဖ ရဲဘော်တဦးကတော့ အမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ မနေ့က ခရိုင်ပလဖနဲ့ သွားရောက်ပြီး ကနဦး စစ်ဆေးချက်၊ တွေ့ရှိချက်တွေယူပြီး FIR (First Information Report) ဖွင့်ထားတုန်းပဲ ရှိသေးပါတယ်၊ စုံစမ်းဆဲပါ။ ဖြစ်နိုင်ခြေအများကြီးထဲက ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့်လို့ ယူဆပါတယ်၊ ငွေရေးကြေးရေးကြောင့် နည်းနိုင်ပါတယ်။”

ဦးဝင်းဌေးတို့ မိသားစု သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေး လုပ်ဆောင်မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ နေ့ချင်းစာထုတ်ပြန်ခဲ့ပါတယ်။

ဦးဝင်းဌေးဟာ ဘုတလင်ဇာတိကဖြစ်ပြီး အာဏာမသိမ်းခင်ထိ ကနီမြို့မှာ တာဝန်ကျနေတာပါ။ အာဏာသိမ်းပြီး နောက်မှာလည်း ဇာတိကိုမပြန်ဘဲ ကနီမြို့နယ်မှာပဲ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို သူသတ်ဖြတ်မခံရခင် ညဦးပိုင်းထိ လုပ်နေခဲ့သူပါ။

မြို့နယ်ပညာရေးတာဝန်ခံ ရာထူးကိုယူထားပေမယ့် ပညာရေးအတွက် ဘဏ္ဍာငွေရှာဖွေဖို့၊ CDMထောက်ပံ့ဖို့ လုပ်ငန်းစဥ်တွေမှာလည်း ကြိုးစားပါဝင်ခဲ့သလို တော်လှန်ရေးစိုးမိုးနယ်မြေမှာ ပညာရေးနဲ့ဆိုင်တဲ့ သင်တန်းတွေဖွင့်ဖို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြေပြင်ထိ ကွင်းဆင်းလေ့လာတတ်သူပါ။

တဖက်မှာလည်း လက်နက်ကိုင်တော်လှန်ရေးအတွက် နိုင်ရာကူပေးတတ်သလို တိုက်ပွဲသွားမယ့်ရဲဘော်တွေကို အကြိုအပို့လုပ်ပေးတာ၊ ဒဏ်ရာရ ရဲဘော်တွေကို ဆေးခန်းပို့ပေးတာတွေလည်း လုပ်ဆောင်ပေးနေသူပါ။

ဇနီးဖြစ်သူနဲ့ ၂၀၂၃ မှာ အိမ်ထောင်ကျခဲ့ပြီး ကနီနယ်ထဲက ကျေးရွာတခုမှာပဲ ဇနီးက ထမင်းဆိုင်ဖွင့်၊ ယောကျ်ားက တော်လှန်ရေးလုပ်ရင်းနဲ့ နေထိုင်နေကြတာပါ။ 

သမီးလေးကို ကိုယ်ဝန်လွယ်ထားရချိန်မှာတော့ ဆိုင်ခန်းငှားခတွေ မတတ်နိုင်တော့တာကြောင့် ထမင်းဆိုင်ကို ပိတ်ခဲ့ရပြီး မီးဖွားဖို့ ၂ လအလိုမှာ ပအဖအဖွဲ့ဝင်တွေရဲ့အကူအညီနဲ့ တပုန်းကျေးရွာထဲက လူမနေတဲ့ အိမ် ၁ လုံးမှာ ပိုင်ရှင်ကိုခွင့်တောင်းပြီး နေထိုင်နေကြတာပါ။

ပညာရေးဝာာဝန်နဲ့ ခရီးတွေဆက်တိုက်ထွက်နေရတဲ့ ယောကျ်ားဖြစ်သူရဲ့ အိမ်အပြန်ကို ဇနီးနဲ့ သမီးဖြစ်သူက အမြဲတမ်း မျှော်နေလေ့ရှိပြီး ဦးဝင်းဌေးက မိသားစုကို အချိန်ပေးတာနည်းပြီး ပညာရေးနဲ့ပတ်သက်တဲ့ခရီးတွေသာ ဆက်တိုက်ထွက်နေရသူလို့ ရင်းနှီးသူတွေက ပြောပြကြပါတယ်။

“မိသားစုအတွက်တောင် ဘာမှ လုပ်ပေးတဲ့သူ မဟုတ်ဘူး။ မိန်းမနဲ့ ကလေးက ဒီလိုပဲ သူပြန်အလာကို စောင့်နေရသူ။ မိန်းမက ငါးပိ၊ ငါးခြောက်ရောင်းပြီး ဝမ်းစာရှာတာ။ သူက စီးပွားရေး ဘာမှ မလုပ်နိုင်ဘူး။”

ဦးဝင်းဌေးနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေက ခုလို မှတ်ချက်ပြုပါတယ်။

“တလမှာဆိုရင် ရက်ပေါင်း နှစ်ဆယ် အစိတ်က ပညာရေးအတွက်ပဲ လုပ်နေတာ၊ ဒီကာလအတွက် အရမ်းလိုအပ်တဲ့သူ၊ မတရားမှုမှန်သမျှကို မကြိုက်တဲ့သူ၊ တရားမျှတမှုအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်တဲ့သူပါ။”

#မြေလတ်အသံ

#ဆောင်းပါး #ပုံရိပ်လွှာ #ကနီ #ပညာရေးတာဝန်ခံ #လူသတ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10