မိုခါမုန်တိုင်းကို ခါးစည်းခံခဲ့ရတဲ့ မြို့တော်စစ်တွေ

မိုခါမုန်တိုင်းကို ခါးစည်းခံခဲ့ရတဲ့ မြို့တော်စစ်တွေ

အပျက်စီးပုံတွေကြားက မိသားစုတွေရဲ့ အိမ်ပြင်နေကြတဲ့ သံမှိုရိုက်သံ၊ လွှဆွဲသံတွေက မြို့ကြီးတခုလုံးကို လွှမ်းခြုံနေပါတယ်။ စစ်တွေမြို့ရဲ့ လမ်းမဝဲယာကြည့်လိုက်တာနဲ့ သွပ်ပျက်တွေ၊ လေအဝှေ့မှာ ယိမ်းကနေသယောင်ထင်ရတဲ့အိမ်ပျက်တွေနဲ့ပါ။ ညအချိန်မှာ မီးမလင်းတော့တဲ့ လမ်းမီးတိုင်အကျိုးတွေကလည်း လမ်းမတွေပေါ်မှာ အရုပ်ကြိုးပြတ် ကန့်လန့်ဖြတ်လှဲလျောင်းကြလို့။ မျက်စိတမြင်ကြည့်လိုက်တိုင်း မြို့ရဲ့ပျက်စီးနေမှုက ထီးထီးကြီး တည်ရှိနေပါတော့တယ်။

ဆိုင်ကလုံးမုန်တိုင်း(မိုခါ)ဟာ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေအပါအဝင် ၁၇ မြို့နယ်လုံးကို မွှေနှောက်ဖျက်ဆီးခဲ့ပြီးနောက် မေ ၁၅ ရက်မှာ မြန်မာနိုင်ငံကထွက်ခွာသွားခဲ့ပါတယ်။ သူဖြတ်သန်းသွားရာ တလျှောက်က အပျက်အစီးတွေကတော့ ၁၀ ရက်ကြာ ကြာမြင့်လာတဲ့အချိန်ထိ ရှင်းလင်းလို့ မရသေးပါဘူး။


မြို့တော်စစ်တွေ

ဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်ပြီး တည်ရှိနေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေဟာ သဲသောင်ပြင်တွေ၊ အပန်းဖြေစခန်းတွေနဲ့ နေချင်စဖွယ်ကောင်းတဲ့ ကမ်းခြေမြို့တမြို့ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ စီးပွားရေးအချက် အချာကျတဲ့မြို့ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ စစ်တွေခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ မြို့ရဲ့အရှေ့ဘက်မှာ ပေါက်တောမြို့နဲ့ ကုလားတန်မြစ်၊ တောင်ဘက်မှာဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ရသေ့တောင်မြို့နယ်ရှိပါတယ်။ စစ်တွေမြို့ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၅) ပေမြင့်ပါတယ်။

စစ်တွေမြို့ဟာ မြောက်လတ္တီတွဒ် ၂၀° ၈' အရှေ့လောင်ဂျီတွဒ် မှ ၉၂° ၅၄' အကြားတည်ရှိပြီး မြို့နယ် အကျယ်အဝန်းမှာ ၈၉ ဒသမ ၄၂ စတုရန်းမိုင်၊ ၅၇,၂၂၈ ဧကရှိကာ ရပ်ကွက် ၃၂ ခု၊ ကျေးရွာ အုပ်စု ၃၀နဲ့ ကျေးရွာငယ် ၈၉ ရွာရှိပါတယ်။ ၂၀၁၉ စာရင်းအရ လူဦးရေမှာ ၃ သိန်းကျော်ရှိပြီး ရခိုင်၊ မရမာကြီး၊ ကမန်၊ ဟိန္ဒူ၊ ဗမာနဲ့ မွတ်ဆလင်လူမျိုးတွေ စုပေါင်းနေထိုင်လျက် ရှိပါတယ်။

လူသားတွေ ဒီလိုမှီခိုနေထိုင်တဲ့ မြို့တော်စစ်တွေဟာ မေ ၁၄ရက် မွန်လွဲ ၁၂ နာရီခွဲ ကနေ ၄ နာရီကျော်အထိ အငြိုးအတေးကြီးစွာနဲ့ နာရီ ပေါင်း ၄ နာရီကျော်ကြာ တိုက်ခတ်လိုက်တဲ့ ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် မှီခိုသူတွေနဲ့ပြည့်နှက်နေတဲ့ စစ်တွေဟာ အိမ်အပျက်အစီးတွေ၊ လမ်းဘေးဝဲယာ အမှိုက်သရိုက်တွေနဲ့ ဖုံးလွှမ်းခဲ့ရပါတော့တယ်။


မိုခါမုန်တိုင်းသတိပေးသံ

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး အဲဒီရပ်ဝန်းဟာ အလွန့်အလွန်အား ကောင်းလာတာကြောင့် မေလ ၁၀ ရက်ကနေ မေ ၁၅ ရက်အထိ ဆိုင်ကလုံးမုန်တိုင်းမိုခါအဖြစ်နဲ့ ရခိုင်ကမ်းရိုး တန်းကို ဖြတ်ကျော်ဝင်ရောက်လာမယ်လို့ မိုး/ဇလက မေလ ၈ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသတိပေးချက်နဲ့အတူ ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်းအနီးနေထိုင်ကြတဲ့ ဒေသခံတွေဟာပင်လယ်ပြင်နဲ့ဝေးရာ ကုန်းမြင့်နေရာတွေဆီကို အသီးသီးခိုလှုံဖို့ ရောက်ရှိလာခဲ့ကြပါတော့တယ်။

ရက္ခိုင့်တပ်တော်(AA)အနေနဲ့လည်း ပင်လယ်ကမ်းရိုးတန်းအနီးမှာ နေထိုင်နေကြတဲ့ဒေသခံပြည်သူတွေကို မုန်တိုင်းရှောင်ရန်အဆင်ပြေစေဖို့ ကူညီပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကအစ လိုအပ်တဲ့ကူညီဆောင်ရွက်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တာပါ။

AA အနေနဲ့မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရနိုင်ခြေရှိတဲ့ ပင်လယ်ကမ်းခြေအနီး မြေနိမ့်ပိုင်းဒေသက ကျေးရွာပေါင်း ၂၁ ရွာ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ မြေပုံ၊ အမ်း၊ ဘူးသီးတောင်၊ မောင်တောက ပြည်သူ ၁ သိန်းကျော်ကို ဘေးကင်းလုံခြုံတဲ့နေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ မေ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒေသတွင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။


GDACS သတိပေးချက်
မေ ၁၁ ရက်မှာ ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်(Global Disaster Alert and Coordination SYSTEM − GDACS) က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းတဲ့ မိုခါမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး မုန်တိုင်းဝင်ရောက်ချိန် ရခိုင်ပြည်နယ်က လူဦးရေ ၉၃၀,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းက လူဦးရေ ၄၄၀,၀၀၀၊ မကွေးတိုင်းအတွင်းက လူဦးရေ ၁၇၀,၀၀၀ တို့မှာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခတ်မှုများ ခံရနိုင်တယ်လို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် GDACS က မုန်တိုင်းဟာ ရခိုင်ပြည် ကျောက်ဖြူမြို့နဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကော့ဘဇားဒေသကို ဝင်ရောက်ရန် ဦးတည်နေပြီး လေတိုက်နှုန်း တနာရီလျှင် ၁၃၄ မိုင်ကျော် တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းခဲ့တာပါ။

မြို့ ၁၇ မြို့ကို မုန်တိုင်းဝင်ရောက်ချိန် ပြာလွင်နေတဲ့ မိုးကောင်းကင်ကြီးတခုလုံးဟာ အနက်ရောင်တိမ်စိုင်၊ တိမ်တိုက်တွေနဲ့ ဆော့ကစားလို့ နေတယ်။ လေနဲ့အတူ လိုက်ပါလာတဲ့မိုးပေါက်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ပစ်ပေါက်လိုက်တဲ့ ခဲတွေလို ကျဆင်းချိန်ပေါ့။ မြေကြီးကို အခိုင်အမာကပ်တွဲပြီး အသက်ရှင်နေကြတဲ့သစ်ပင်တွေနဲ့ လူသားတွေခိုလှုံနေထိုင်ရာအဆောက်အဦးတွေဟာ တနာရီကို မိုင် ၁၂၀ နဲ့တိုက်ခတ်နေတဲ့ လေပြင်းနဲ့ မြှားစင်းတွေကြားထိုးနှက်ချက်ပြင်းတဲ့မိုးပေါက်တွေရဲ့ ဒဏ်ကို ခံခဲ့ရတာပါ။

တဆက်တည်းမှာပဲ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ စစ်တွေမြို့၊ ကျောက်ဖြူ၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ မာန်အောင်၊ ပေါက်တောနဲ့ ကမ်းရိုးတန်းဒေသတွေ မဟုတ်ကြတဲ့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ဂွ၊ တောင်ကုတ်၊မင်းပြားတွေဟာ မုန်တိုင်းနဲ့ အတူဖြစ်ပေါ်နေတဲ့ ပင်လယ်ဒီလှိုင်းရဲ့ ကျီစယ်သောင်းကျန်းမှုဒဏ်ကို ခံစားခဲ့ရပါတယ်။

လူသားတွေရဲ့ ခိုလှုံရာအဖော်တွေဖြစ်ကြတဲ့ သစ်ပင်တွေ၊ အဆောက်အဦးတွေ၊ တာဝါတိုင်တွေ၊ လျှပ်စစ်မီးကြိုးနဲ့ ဓာတ်တိုင်တွေ၊ လမ်းမပေါ်က ကတ္တရာတွေနဲ့ကွန်ကရစ်တွေဟာ လေ၊ မိုး၊ ရေတွေရဲ့ ဖျားယောင်းသွေးဆောင်ရာ(တိုက်ခတ်ရာလမ်းကြောင်း)နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြရလေရဲ့။


မုန်တိုင်းအလွန်စစ်တွေမြို့

မုန်တိုင်းရပ်သွားခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေစတဲ့မြို့နယ်တွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အများအပြား လုံးဝပြတ်တောက်ခဲ့တယ်။ မြောက်ဦးမှာ Mytel ဖုန်း၊ အင်တာနက်တခုသာရပြီး၊ စစ်တွေမြို့မှာ အော်ရီဒူးဖုန်း၊ အင်တာနက်တခုတည်းသာ အသုံးပြုလို့ရခဲ့တာပါ။ မေလ ၁၆ ရက်နေ့မှာတော့ MPT ဖုန်းလိုင်းက မရတချက်၊ ရတချက်ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ မြို့ပေါ်နဲ့ ကျေးရွာတွေမှာ လူထိခိုက်မှု၊ အဆောက်အဦးတွေပျက်စီးမှု စာရင်းအတိကျတွေကို မသိရှိရသေးပေမယ့် စစ်တွေတမြို့လုံးနီးပါး ၉၀ ရာခိုင်နှုန်း၊ ရသေ့တောင်၊ ကျောက်ဖြူမြို့အပါအဝင် ၁၇ မြို့နယ်လုံးကို ခြုံငုံပြီးတော့ ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ရခိုင်လူမှုကူညီရေးအဖွဲ့တွေ အပါအဝင် ရက္ခိုင့်တပ်တော်(AA) က ခန့်မှန်းလိုက်ပါတယ်။

စစ်တွေတမြို့လုံးရဲ့ ကျက်သရေကို ဂုဏ်ဆောင်ထားတဲ့ အပန်းဖြေနေရာတွေ ကမ်းနားလမ်း(ရှုခင်းသာ)၊ စစ်တွေဟိုတယ်လမ်းစတဲ့ အရာတွေဟာလည်း လက်ရှိမှာ တစစီကျိုးပဲ့ကာ ဒုက္ခိတဖြစ်သွားကြပါပြီ။ မိုခါမတိုက်ခတ်တဲ့ အရင်အချိန်တွေကဆိုရင် အဲဒီနေရာတွေက လူထောင်ချီပြီးလာရောက် အပန်းဖြေကြတဲ့နေရာတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ လာရောက်အပန်းဖြေတဲ့လူတွေနေရာမှာ ကျိုးပဲ့နေကြတဲ့ အုတ်အပိုင်းအစတွေ၊ သစ်ပင်အကျိုးတွေက နေရာအပြည့်ယူထားခဲ့ပါပြီ။

လက်ရှိမှာတော့ "အစိုးရမီး(EPC)က ပြန်ရဖို့အတွက် ၄ လလောက်ကြာမယ်တဲ့။ အခုငါတို့မှာ ထမင်းချက်ရင်လည်း ထင်းမီး၊ ရေနွေးကျိုရင်လည်း ထင်းမီး။ တမျိုးတော့ကောင်းသွားတယ်လေ။ မီတာခမပေးရတော့ဘူး။ ငါတို့ကျောက်ခေတ်ကိုပြန်ရောက်သွားကြပြီ" ဆိုတဲ့အသံတွေ ကိုစစ်တွေမြို့ခံတွေက ပြောဆိုနေကြပါတယ်။

စစ်တွေမြို့မှာ မေ ၁၅ ရက်ကနေ ၁၇ ရက်အထိ ရေသန့်ဗူးတွေကို ကုန်စုံဆိုင်ကြီးကအစ ဆိုင်သေးလေးတွေ အဆုံး ၁ လီတာတဗူးကို ပိုက်ဆံ ၁,၀၀၀ ကျပ်ပေးရပေမယ့် စိတ်ကြိုက်ဝယ်ယူလို့မရပါဘူး။ လူတဦးကို ၁ လီတာဗူး မဟုတ်ဘဲ ၀.၆ ရေသန့်တဗူးကိုသာ ဝယ်ယူလို့ရတာပါ။

အလားတူ ဖုန်းတွေကိုအားသွင်းမယ်ဆိုရင်လည်း ဖုန်းတလုံးကို အားသွင်းခ ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်၊ ပါဝါဘဏ်တလုံးကို ၁၀၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်အထိ စျေးပေးပြီး မီးစက်ရှိတဲ့အိမ်မှာ သွားဖြည့်ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။


မုန်တိုင်းမှာ ရှေ့ထွက်လာတဲ့ စစ်ကောင်စီ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မေ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တွေမြို့ကို ရဟတ်ယာဥ်နဲ့ရောက်ရှိလာပြီး မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၇၀,၀၀၀ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီက ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း မော်တော်ယာဉ်တွေနဲ့ အဖွဲ့ခွဲ စေလွှတ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ စကစ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

ဒီအထဲက ရခိုင်ပြည်နယ်မှာ ရပ်ကွက်/ကျေးရွာ ၃၈၇ ရွာက လူနေအိမ် ၁၁,၁၀၆ လုံး၊ သာသနိက အဆောက်အဦး ၆၃ ခု၊ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း၊ စာသင်ကျောင်း ၁၁၈ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၂ ခု၊ စျေး ၁ ခု၊ လေဆိပ်အဆောက်အဦး ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ ဓာတ်မီးတိုင် ၇ ခု ၊ ထရန်စဖော်မာ ၁ ခု၊ ဌာနဆိုင်ရာအဆောက်အဦး ၇၂ ခု၊ အခြားပျက်စီးမှု ၃၉၂ ခု နဲ့ ပြည်နယ်နဲ့တိုင်းမှာ ပျက်စီးမှုအများဆုံးရှိခဲ့တယ်လို့ စကစထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုပျက်စီးမှုများတာကြောင့် စစ်ကောင်စီက ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ နိုင်ငံတော်ဘဏ္ဍာငွေက သိန်း ၇၀,၀၀၀ ကျပ်ထောက်ပံ့ပေးသလို ပြည်မဖက်က မီးသတ်တပ်ဖွဲ့အပါအဝင်ဌာန ဆိုင်ရာ ဝန်ထမ်း ၄၀၀ကျော်ကို ချပေးပြီးပြန်လည် တည်ဆောက်ရေးတွေလုပ်ဆောင်နေတယ်လို့ စစ်တွေမြို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတဦးကမြေလတ်အသံကိုပြောပါတယ်။


စကစထုတ်ပြန်ချက်နဲ့မြေပြင်ကွဲလွဲမှုတွေ

မုန်တိုင်းကြောင့်စစ်တွေမြို့နယ်ထဲက မွတ်ဆလင် ကယ်ဆယ်ရေးစခန်းတွေနဲ့ ကျေးရွာတွေဖြစ်ကြတဲ့ အုန်းတောကြီး၊ ဒါးပိုင်၊ ဘာဆာလာ Camp၊ စံပြကျေးရွာဘောဒူပ၊ ဗေဒင်ကျေးရွာတွေက မွတ်ဆလင် ၄၀၀ ဦး ခန့် သေဆုံးပြီး အများအပြားပျောက်ဆုံးနေသေးတယ်လို့ ဒါးပိုင်ကျေးရွာက မွတ်ဆလင်အမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာလည်း အမျိုးသမီး ၁၀ဦး၊ အမျိုးသား ၄ဦးနဲ့ တခြားမြို့နယ်တွေမှာလည်း သေဆုံးမှုတွေရှိခဲ့ပေမယ့် အသေးစိတ်ကိုမသိရှိရသေးသလို လူနေအိမ်တွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ ဓာတ်မီးတိုင်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ သာသနိကအဆောက်အဦးတွေရဲ့ပျက်စီးမှုတွေဟာလည်း စကစ ထုတ်ပြန်တဲ့စာရွက်ပေါ်မှာထက် ပကတိမြေပြင်မှာ ပိုမိုများပြားတယ်လို့ မြေပြင်လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။


ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ရေး

စစ်တွေမြို့ရဲ့ လမ်းကြိုလမ်း​ကြားမကျန် ပြိုပျက်၊ ကျိုးကျနေတဲ့ အုတ်တံတိုင်းတွေ၊ ကျိုးကျနေတဲ့ သစ်ပင်ကြီး၊ ငယ်တွေ၊ ပြိုပျက်သွားတဲ့ မိသားစုတွေရဲ့နေအိမ်တွေဟာ လမ်းဘေးဝဲယာတလျှောက် ဖရိုဖရဲဖြစ်နေကြပါတယ်။ လမ်းပေါ်မှာလည်း ကားတွေက သံဖြူတွေ၊ သစ်တွေ ကိုယ်စီတင်ဆောင်ကာ လမ်းမပေါ်ကိုတွဲလျောင်းကျနေတဲ့ ဓာတ်မီးတိုင်အကျိုးတွေနဲ့ မီးကြိုးတွေကို ရှောင်ရှားကာ ပြေးလွှားနေကြရတာပါ။

လူတွေဟာလည်း နေအိမ်အပျက်ထဲက အသုံးပြုလို့ရတဲ့ သံဖြူအပိုင်းအစတွေ၊ သစ်တိုင်အကျိုးတွေကို ကိုယ်စီကိုယ်ငှ သိမ်းဆည်းနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ကားလမ်းဘေးတလျှောက်မှာ တောင်ငယ်တလုံးလို မြင့်မားစွာစုပြုံထားတဲ့ အမှိုက်တွေပေါ်မှာလည်း ဆာလာအိတ်ကိုယ်စီလွယ်ပြီး သစ်ကိုင်းကျိုးတွေ၊ ဗူးခွံတွေကိုကောက်ယူနေကြသူတွေနဲ့ ပြည့်လျှံလို့နေပါတယ်။

စုဆောင်းထားသမျှ အကုန်ပျက်စီးသွားတဲ ဒေသခံတွေအဖို့ ပြန်လည်တည်ဆောက်ရေးက ခက်ခဲလွန်းပါတယ်။ ရပ်ဆွေရပ်မျိုးတွေကပဲ သူ့အိမ်ကိုယ်ကူ ကိုယ့်အိမ်သူလာပြင်ကြနဲ့ မအားလပ်နိုင်ကြပါဘူး။ အဆုံးအရှုံးတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပြန်လည်ကုစားဖို့ကတော့ အချိန်ယူကြရအုံးမှာပါ။

“ငရို့ချစ်တယ်မြို့စစ်တွေ" အပါအဝင် ရခိုင်ပြည်ကတော့ အပျက်အစီးတွေနဲ့အတူ ရှာဖွေကူညီကယ်ဆေးရေး လုပ်ဆောင်လာမှာကို စောင့်မျှော်ရင်း မိမိတို့အိမ်ရဲ့ အပျက်အစီးတွေကို တပိုင်တနိုင် ပြန်လည်ကူဆယ်နေကြတယ်။ ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်ကြီးကို နာကျည်းစွာနဲ့ မျက်စိစုံမှိတ် မေ့ဖျောက်ဖို့ ကြိုးစားနေကြရတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းသွားတဲ့ စစ်တွေမြို့ရဲ့ အခြေအနေကို အသက် ၇၀ ကျော်အရွယ် အမေအိုက သူ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးတော့ အခုလို မှတ်ချက်ပြုပါတယ်။ "တသက်လုံးစုဆောင်းပြီး တည်ဆောက်ထားတဲ့ ဘဝတခုဟာလည်း တရက်တည်းနဲ့ ရစရာမရှိအောင် စုတ်ပြတ်သတ်သွားကြတယ်" လို့ မချိတင်ကဲအသံနဲ့ ပြောဆိုလိုက်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10