မိုခါ ဖျက်ဆီးတဲ့ PDF ချွေးနှဲစာ

မိုခါ ဖျက်ဆီးတဲ့ PDF ချွေးနှဲစာ

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ထောက်ပို့နေရတဲ့ ပြည်သူတွေ ဝန်လျော့ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးထာတဲ့ နှမ်းခင်းလေး။ ဒီနှမ်းခင်က နှမ်းတွေပေါ်တဲ့အခါ ယမ်းတွေဝယ်မယ်၊ မိုင်းတွေဆင်မယ်၊ ဖြစ်နိုင်ရင် သေနတ်ပါဝယ်လို့ ဖက်ဆစ်စစ်တပ်ကို တိုက်မယ်ဆိုတဲ့ အိပ်မက်။ တော်လှန်ရင်း ကုန်ထုတ်၊ ကုန်ထုတ်ရင်း တော်လှန်ဆိုတဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်။ အဲဒီရည်ရွယ်ချက်၊ အိပ်မက်တွေဟာ မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မွှေနှောက်ခဲ့တဲ့ တဒင်္ဂလေးမှာ အားလုံးရေစုန်မျောခဲ့ရပါတယ်။ 

ဒီမျှော်လင့်ချက်တွေအပြည့်နဲ့ နှမ်းစိုက်ခင်းကြီးဟာ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုရဲ့ လုပ်အားတခုလည်း ဖြစ်ပါတယ်။

သူတို့အဖွဲ့မှာ ပြည်သူတွေနဲ့ ရဲဘော်တွေရဲ့ ပိုင်‌ဆိုင်မှုတွေ ပေါင်းထားတဲ့ လယ်မြေ ၁၅ ဧကရှိပြီး အဲဒီလယ်ယာတွေမှာ စခန်းတွင်းရိက္ခာနဲ့ လက်နက်ခဲယမ်းဝယ်ဖို့အတွက်ဆိုပြီး ရာသီပေါ်သီးနှံတွေကို စားသောက်ဖို့ရော စီးပွားဖြစ်ရော စိုက်ပျိုးထားကြတာပါ။

ရာသီမပြတ် သီးနှံမျိုးစုံစိုက်ပျိုးလေ့ရှိပြီး ၂၀၂၃ခုနှစ်၊ မတ်လ အစပိုင်းမှာလည်း ရာသီသီးနှံဖြစ်တဲ့ နှမ်းတွေကို စိုက်ပျိုးထားကြပြီး၊ နှမ်းပေါ်လာရင်တော့ တပ်ဖွဲ့အတွက် လိုအပ်တာတွေ ဝယ်မယ်ဆိုတဲ့ အိပ်မက်တွေနဲ့ ရဲဘော်တွေ အတူတူအားထည့် စိုက်ပျိုးနေကြတာပါ။

“နှမ်းပေါ်ရင်တော့ လက်နက်ဝယ်ရအောင်”

ဒီစကားက အဖွဲ့က ရဲဘော်တိုင်းရဲ့ တူညီတဲ့ မျှော်လင့်ချက်တခုပါပဲ။ ဒီနှစ်ကတော့ ပြီးခဲ့တဲ့ နှစ်တွေလိုမဟုတ်ဘဲ အရင်းအနှီး အများကြီးသုံးပြီး လယ် ၁၅ ဧကလုံးကို နှမ်းတွေချည်း စိုက်ပျိုးထားတာဖြစ်တဲ့အတွက် နှမ်းပေါ်ချိန်ကို စောင့်ရင်း တွေးထားကြတာကတော့ အများကြီးပါပဲ။

နှမ်း ၁၅ ဧက စိုက်ဖို့ နှမ်းမျိုး ၇ တင်းကို ငွေကြေးတန်ဖိုး ၁၀ သိန်းကျော် အကုန်အကျခံပြီး ကြဲထားရတာပါ။ ပြီးတော့ မြေဆီ  ၁ အိတ်ကို ၉၀,၀၀၀ ကျပ်နှုန်းနဲ့ ၁၃အိတ်၊ ရေနံဆီ တဂါလံကို ၁၁,၀၀၀ကျပ်နှုန်းနဲ့ ဂါလံ ၉၀၊ အလုပ်သမားတွေ စားသောက်ဖို့တွေ စိုက်ပျိုးစရိတ်စုစုပေါင်း ကျပ်သိန်း ၃၀ ကျော် ရင်းထားရတဲ့ နှမ်းစိုက်ခင်းလေးဖြစ်ပါတယ်။ 

နှမ်းပေါ်လာရင် ဖက်ဆစ်တပ်ကိုတိုက်ဖို့ ကျည်ဆံတွေဝယ်မယ်၊ ယမ်းတွေဝယ်မယ်၊ မိုင်းဆင်မယ်၊ ပြီးတော့ သေနတ်ဝယ်မယ်လို့ ရဲဘော်တိုင်းက အိပ်မက်ကိုယ်စီနဲ့ အားခဲထားကြတာပါ။ စစ်ရေးကတဖက် စိုက်ပျိုးရေးက တဖက် ဖြစ်နေပေမယ့် ပင်ပန်းတယ်လို့ မငြီးငြူကြဘဲ နေပူမရှောင်၊ မိုးရွာမရှောင် နှမ်းခင်းကို ဂရုတစိုက် စိုက်ပျိုးလာခဲ့ကြတာပါ။

စိုက်ပျိုးချိန်မှာလည်း ကျေးရွာတွေက ဝိုင်းဝန်းကူညီပြီး တတ်ညီလက်ညီနဲ့ ပျိုးကြဲကြ၊ ရေသွင်းကြနဲ့ စိုက်ပျိုးထားကြတာမို့ စိုက်ပျိုးရေးအတွက် ငွေကြေးကုန်ကျပေမယ့် အလုပ်သမားခကတော့ ကုန်ကျတာမရှိဘူးလို့ သူတို့အရပ်ဒေသလေးရဲ့ ထူးခြားချက်ကိုလည်း ပြောပြပါသေးတယ်။

ဒါပေမဲ့ သူတို့တဖွဲ့လုံးရဲ့ အိပ်မက်တွေဟာ မေလ ၁၄ ရက် နဲ့ ၁၅ရက်မှာ မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အားလုံးရေစုန်မျောခဲ့ရပါတယ်။

မုန်တိုင်းအရှိန်နဲ့ တမနက်လုံး၊ တညလုံးရွာခဲ့တဲ့မိုးကြောင့် နှမ်းခင်းတွေအကုန် မိုးရေရိုက်ကာ ရေတွေဝင်ခဲ့ပြီး  စိုက်ခင်းရဲ့ ၇၅ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့ပါတယ်။

မိုးစဲသွားတဲ့ မနက်ပိုင်း ရဲဘော်တွေနဲ့အတူ နှမ်းခင်းတွေကို သွားကြည့်ချိန်မှာတော့ သူတို့အိပ်မက်တွေ မဖြစ်နိုင်တော့ဘူးဆိုတာ သိသွားကြပြီး “တော်တော်ပျက်စီးသွားပြီ"လို့ပဲ ရဲဘော်တွေ ရေရွတ်နိုင်ကြပါတော့တယ်။

“နှမ်းပေါ်တဲ့အခါ ရလာမယ့် ငွေကြေးလေးတွေနဲ့ တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ထားတော့ နှမြောတာပေါ့၊ တချို့က သေနတ်ဝယ်ဖို့ ဒီထဲမှာ စုထားတာရှိတယ်၊ ရည်ရွယ်ထားတာတွေ အခုကျ လုပ်လို့မရတော့ဘူးပေါ့” လို့ အနောက်မြောက်လွင်ပြင်တော်လှန်ရေး အင်အားစုမှ ရဲဘော်ကောင်းက စိတ်မကောင်းစွာ ပြောပါတယ်။

စိုက်ပျိုးထားတဲ့ နှမ်း ၁၅ ဧကဟာ ပုံမှန်အခြေနေမှာဆို တင်းပေါင်း ၁၅၀ ကျော်ထွက်ပေမယ့် အခုတော့ တင်း ၃၀ ကျော် ၄၀ နီးပါးသာ ရနိုင်တော့မယ်လို့ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို တွက်ချက်ပြပါတယ်။ 

သူတို့ရဲ့ နှမ်းခင်းကြီး ဒီလိုဖြစ်လာဖို့အတွက်လည်း ကျေးရွာအဖွဲ့ခေါင်းဆောင်တွေက နှမ်းမျိုးစေ့ကို အကြွေးနဲ့ ယူထားကြပြီး နှမ်းပေါ်ရင်တော့ ပြန်ဆပ်မယ်၊ ကျန်တာကို တိုက်ခိုက်ရေးအတွက် သုံးမယ်ဆိုပြီး ချေးငွေတွေ ယူကာ စိုက်ပျိုးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

“ရဲဘော်တဦးဆို သူ့မှာရှိတဲ့ လယ် ၄ ဧကခွဲလုံးကို ပေါင်ထားတာ၊ မီးစက်ပေါင်ထားတယ်၊ ထွန်စက်တွေ ပေါင်တယ်၊ အကုန်ပေါင်ထားပြီး အဲဒီထဲကို နှစ်မြှုပ်ထားတာ၊ စိုက်ပျိုးရေးလုပ်ပြီး ဝင်ငွေထပ်ရရင် သေနတ်ဝယ်တဲ့ထဲ ထည့်လို့ရအောင်ဆိုပြီး လုပ်ထားတာ”လို့ ရဲဘော်ကောင်းက မိုခါကြောင့် ပျက်စီးသွားတဲ့ စိုက်ခင်းလေးရဲ့ အရင်းနှီးကြီးခဲ့ပုံတွေကို ပြောပြပါတယ်။

စိတ်ဓာတ်ခိုင်မာလွန်းတဲ့ ရဲဘော်တွေကတော့ ရသလောက်နှမ်းကို ရောင်းပြီး ရလာတဲ့ငွေကို အကြွေးဆပ်ကာ ‌မိုးစပါးစိုက်ဖို့ပြင်ဆင်ထားကြပြီလို့ သူတို့ရဲ့ စိတ်ဓာတ်မလျော့ပုံတွေကို ရယ်ရယ်မောမောပြောပြတယ်။

“နှမ်းကုန်ပေမယ့် မြေမှမကုန်တာ၊ မြေကိုတော့ ဘယ်မုန်တိုင်းမှ ရွေ့အောင်တော့ လုပ်လို့ မရဘူး၊ ဆက်လုပ်မယ်၊ လယ်စိုက်မယ်” လို့ ရဲဘော်တွေက သူတို့ရဲ့ သန္နိဌာန်ကို ရင်ဖွင့်တယ်။

ပြီးတော့ သူတို့အဖွဲ့ရဲ့ ဆောင်ပုဒ်အတိုင်း ဆက်လက်ချီတက်သွားဖို့ သူတို့က အခုလို ရှင်းပြပါတယ်။ 

“ဘာအခက်ခဲတွေပဲ ကြုံပါစေ-

‘လေ့လာရင်း ကုန်ထုတ်၊ ကုန်ထုတ်ရင်း လေ့လာ

တော်လှန်ရင်း ကုန်ထုတ်၊ ကုန်ထုတ်ရင်း တော်လှန်’ 

ဆိုတဲ့ အဖွဲ့ရဲ့ဆောင်ပုဒ်အတိုင်း ပြည်သူဝန်ပေါ့စေဖို့နဲ့ သူတို့ရဲ့တပ်တွင်းရိက္ခာအတွက် စိုက်ပျိုးရေးကို ရသလို စိုက်ပျိုးသွားဦးမယ်” လို့ ဆိုပါတယ်။

 

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10