မိုင်းခွဲခံရတဲ့တံတားကို လာပြင်တဲ့စစ်အုပ်စု မိုင်းထပ်ထိလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

မိုင်းခွဲခံရတဲ့တံတားကို လာပြင်တဲ့စစ်အုပ်စု မိုင်းထပ်ထိလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအနီးက မိုင်းခွဲခံထားရတဲ့ ဘုံသရောတံတားကို လာရောက်ပြုပြင်တဲ့ စစ်ကောင်စီအဖွဲ့တွေ မိုင်းထပ်ထိလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီအဖွဲ့တွေက တံတားကိုလာရောက်ပြုပြင်ချိန် ပျက်စီးနေတဲ့တံတားအနီးမှာ ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ မြေပြင်နဲ့နီးစပ်တဲ့ PDF တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။


"ညဘက် တံတားမိုင်းခွဲခံရလို့ ပျက်စီးသွားတာ။ မနေ့မနက် သူတို့ လာပြင်ချိန် မိုင်းထပ်ထိတာ။ ဒီဘက်က ထောင်ထားတဲ့ နင်းမိုင်းထိသွားတာ။ စကစဘက်က AE တယောက် သေတယ်လို့တော့ သိရတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ အဲဒါကိုတော့ အသေးစိတ်စုံစမ်းတုန်းပဲ" လို့ ပြောပါတယ်။

တံတားလာပြင်တဲ့အဖွဲ့မှာ စစ်ကောင်စီတပ်က လုံခြုံရေးယူပေးပြီး မြို့နယ်လမ်းတံတားဦးစီးဌာနက ဝန်ထမ်းအချို့နဲ့ စစ်အင်ဂျင်နီယာတပ်က တပ်ဖွဲ့တွေ ပါဝင်ကာ မိုင်းပေါက်ကွဲမှုကြောင့် လမ်းဦးစီးဌာနက AE သေဆုံးတယ်လို့ ပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

မိုင်းထိလို့ ထိခိုက်သေဆုံးသူတွေကိုတော့ စစ်ကောင်စီအဖွဲ့က လာရောက်ခေါ်ဆောင်သွားပြီး စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဘုံသရောတံတားဟာ မေလ ၇ ရက်နေ့ ည ၁၂ နာရီခန့်က မိုင်းခွဲခံရလို့ ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းပေါ်က တံတားတစင်းဖြစ်ကာ စစ်ကောင်စီတပ်က ရိက္ခာနဲ့စစ်ကူပေးပို့ရာမှာ အသုံးပြုနေသလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စစ်ရေးအရ အသုံးပြုနေတယ်လို့ သိရပါတယ်။

မတ်လ ၃၀ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ ပဲနွယ်ကုန်းဘက်ကနေ ကျောက်ကြီးဘက်ကို မောင်းနှင်လာတဲ့ Fawကား ကျောက်ကြီး-နတ်သံကွင်းလမ်း ညောင်ကုန်းတံတားမှာ မိုင်း ထိလို့ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10