မိုင်းဆွဲခံရတဲ့ စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ပြီး အိမ် ၁၅ လုံးနဲ့ ကား၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွား

မိုင်းဆွဲခံရတဲ့ စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ပြီး အိမ် ၁၅ လုံးနဲ့ ကား၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲခြင်းကို ခံရပြီးနောက် တကောင်းမင်းကျေးရွာသား ၂ ဦးကိုသတ်ပြီး လူနေအိမ် ၁၅ လုံးကို မီးရှို့ခဲ့သလို ကား ၁စီးနဲ့ ဆိုင်ကယ် ၉ စီးကိုပါ မီးရှို့သွားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အင်အား ၇၀ ခန့်ရှိတဲ့ အဆိုပါ စစ်ကြောင်းဟာ ဇွန် ၂၂ ရက် မနက်၈ နာရီကျော်မှာ ဝက်လက်မြို့ပေါ်ကနေ တကောင်းမင်းကျေးရွာကို ခြေလျင်ထွက်လာချိန် ဝက်တိုးရွာနဲ့ ဖုတ်ကုန်းကျေးရွာကြားမှာ ရွှေဘိုခရိုင်တပ်ရင်း- ၁၅ က မိုင်း ၃လုံးဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာ မနက်၁၀နာရီကျော်အချိန် တကောင်းမင်းကျေးရွာအရောက်မှာတော့ ရွာအဝင်မှာ ဆိတ်ကျောင်းနေတဲ့ အသက် ၃၀ နှစ်အရွယ် ကိုနိုင်စိုးနဲ့ သစ်ပင်ပေါ်တက်ပုန်းနေတဲ့ အသက် ၅၀ အရွယ် ဦးစိန်မြင့်ကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။ 

"စကစက သူတို့လူမဟုတ်ရင် ပြည်သူကို ပြည်သူမှန်းမသိဘူး။ မြင်သမျှကို သတ်တော့တာပဲ" လို့ သူက ဆိုပါ တယ်။

ရွာအဝင်မှာ ကျေးရွာသား ၂ ဦးကို ပစ်သတ်သွားပြီးတဲ့နောက်မှာတော့ အဆိုပါစစ်ကြောင်းဟာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ တကောင်းမင်းကျေးရွာအတွင်းဝင်ပြီး လူနေအိမ် ၁၅လုံး၊ ဆိုင်ကယ် ၉ စီး၊ ကား ၁စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့ တာဖြစ်တယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

တကောင်းမင်းရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကြောင်းဟာ လှတောကျေးရွာဘက်ကို ထွက်ခွာသွားခဲ့ကာ အဲဒီကျေးရွာကနေတဆင့် ကျီကန်တောင်ကျေးရွာထဲဝင်ရောက်ကာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ပုံစာ - ဇွန်၃ရက်နေ့မှာ မီးရှို့ခံရတဲ့ ဝက်လက်နယ်က နဘဲပင်လှကျေးရွာအားမြင်တွေ့ရစဥ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10