မိုင်းဆွဲခံရတဲ့စစ်အုပ်စုက စာရေးရွာကိုလက်နက်ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေးနေရ

မိုင်းဆွဲခံရတဲ့စစ်အုပ်စုက စာရေးရွာကိုလက်နက်ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စာရေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေကတဆင့် သိရပါတယ်။

ဇွန်လ ၂ ရက် ဒီကနေ့နေ့လယ် ၁ နာရီခွဲလောက်က ပဒူရွာကို စစ်ကူသွားပို့ပြီးပြန်လာတဲ့ စစ်ကြောင်းဟာ စာရေးရွာနဲ့တမိုင်ခန့်အကွာမှာ မိုင်းဆွဲခံခဲ့ရပြီးနောက် စာရေးရွာသားတွေ မိုင်းဆွဲတယ်အထင်နဲ့ ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ခုဝေးသထပ်ဝေးတဲ့နေရာ ပြေးနေရတယ်၊ လူကြီးတွေကိုတော့ လှည်းပေါ်တင်ပြီး သွားနေကြတယ်၊ လူငယ်တွေကတော့ လမ်းလျှောက်လိုက်တဲ့သူတွေက လိုက်ကြတယ်၊ သူတို့(စစ်ကောင်စီ)ဘက်က ၁၅ မိနစ်လောက်နားပြီး တခါပြန်ပစ်တယ်၊ ခုလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်လို့ တနေရာထပ်ရွေ့နေရတယ်”လို့ စာရေးရွာသားတဦးက ပြောပါတယ်။

စာရေးရွာမှာ စာရေးအရှေ့ရွာနဲ့ စာရေးအနောက်ရွာဆိုပြီး ၂ ရွာရှိကာ ရွာ ၂ ရွာကို သင်္ချိုင်းကုန်းပဲ ခြားထားပြီး၊၂ ရွာပေါင်းမှာ အိမ်ခြေ ၂၀၀၀ ဝန်းကျင်နဲ့ လူဦးရေ ၃၀၀၀ ကျော်ရှိရာ လက်နက်ကြီးတွေက စာရေးအနောက်ရွာဘက်ကို ဆက်တိုက်ကျနေတဲ့အတွက် ၂ ရွာလုံး ပြေးနေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စာရေးရွာထဲကို စစ်သားတချို့ဝင်ရောက်ပြီး လက်နက်တွေနဲ့ ပစ်ခတ်နေတယ်လို့သိရကာ ထိခိုက်မှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ရုံသာမက စာရေးရွာနဲ့ကပ်လျက်မှာရှိတဲ့ ရွာသစ်ရွာကိုလည်း ဝင်ရောက်မီးရှို့နေတဲ့အတွက် နေအိမ်တချို့ မီးလောင်နေပြီး ပဒူရွာအနီးတဝိုက်မှာလည်း လေယာဉ်ပျံသန်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကနေလည်း သံချပ်ကာကား ၃ စီး ပဒူရွာဘက်ကို စစ်ကူအနေနဲ့ထွက်လာကာ လမ်းတလျှောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုလည်း ဖမ်းဆီး၊ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ပဒူရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ မေလ ၁၉ ရက်‌နေ့ကတည်းက ဒီကနေ့ချိန်ထိ ထိတွေ့မှုတွေဖြစ်နေဆဲပဲ ဖြစ်ပြီး စစ်ကောင်စီဘက်က အကျဆုံးများကာ အထိနာနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #စာရေးရွာ #ပဒူရွာ #စစ်ကြောင်းထိုး #လက်နက်ကြီးနဲ့ပစ် #ဒေသခံထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10