မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက နေအိမ် ၃၀ ကိုမီးရှို့ခဲ့

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက နေအိမ် ၃၀ ကိုမီးရှို့ခဲ့

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းအနီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျွန်းပေါ်ရှိ ဒေသခံနေအိမ် ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။ 

ကံသာကျွန်းပေါ်မှာ လူနေအိမ် ၇၀ ခန့်ရှိပြီး ဒေသခံအများစုက တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၄ ရက် မနက် ၈ နာရီလောက်မှာ နတ်ကြီးကျေးရွာကထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ 

"စကစ ၁၀ ကောင်သေပြီးတော့ ၂ ကောင် ဒဏ်ရာရသွားတယ်။ အဲ့ကောင်တွေကို ငါန်းဇွန်မြို့ပေါ်ကနေ နာရေးကားတွေက လာယူသွားတယ်"လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုတွေကို ဒေသခံတွေရဲ့ တဆင့်ခံပြောကြားချက်အရ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

တိုက်ခိုက်ခံရပြီးနောက်မှာ ကျန်ရှိနေတဲ့စစ်ကောင်စီတပ်တွေက တဖာလုံခန့်အကွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကာ မနက် ၉ နာရီလောက်မှ နတ်ကြီးကျေးရွာဘက်ကို တပ်ပြန်ဆုတ်သွား ကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ် ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်မှာလည်း ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာဘက်ကနေ ထော်လာဂျီ ၂ စီးနဲ့ လက်ပံသာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပံသာရွာအဝင်မှာ ဒေသခံကာကွယ်ရေးတပ်တွေက အသင့်ထောင်ထားတဲ့ ၅ လုံးတွဲ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကံသာကျွန်းပေါ်က နေအိမ်တွေကို စစ်တပ်က မီးရှို့စဥ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #ကံသာကျွန်း #စစ်ကောင်စီ #တိုက်ခိုက်ခံရ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10