မိုင်းဆွဲခံရပြီး ခလရ ၂၅၆က စစ်သား၁ဦးသေဆုံးလို့  ဒေသခံတွေရဲ့ထန်းလျက်ချက် တဲတွေကိုမီးရှို့ခဲ့

မိုင်းဆွဲခံရပြီး ခလရ ၂၅၆က စစ်သား၁ဦးသေဆုံးလို့  ဒေသခံတွေရဲ့ထန်းလျက်ချက် တဲတွေကိုမီးရှို့ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီအဖွဲ့ကို အောက်တိုဘာလ ၁၄ ရက် မနက် ၈ နာရီလောက်မှာ ပညှင်းကျေးရွာနဲ့ ကံသစ်ကျေးရွာကြားမှာ တကြိမ်၊ နေ့လယ် ၂ နာရီလောက်က ကံသစ်ကျေးရွာနဲ့ ကြည့်ကန်ကျေးရွာကြားမှာ တကြိမ် စုစုပေါင်း ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကများတယ်၊ ကျနော်တို့ရှိသမျှမိုင်းတွေကို ထောင်ထားတာ၊ **တွေကပစ်ထားတဲ့ ၆၀ မမအဖူးတွေ၊ မကွဲတာတွေနဲ့ ကပ်ထောင်ထားတာတော့ မိုင်းအရေအတွက်က တော်တော်များတယ်၊ တပွိုင့်ကို ၁၀ လုံးလောက်ထောင်ထားတာ၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ရေစကြိုပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

မိုင်းဆွဲမှု ၂ ကြိမ်အတွင်း စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကာ ဒီအခြေအနေတွေကိုတော့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်နဲ့ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဒုတိယအကြိမ်မိုင်းဆွဲပြီးချိန်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး အဲ့ဒီနောက် ကံသစ်ကျေးရွာအနီးက တောတိုက်ထဲမှာ ထန်းလျက်ချက်လုပ်ငန်းလုပ်ပြီး နေထိုင်နေကြတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီအဖွဲ့တွေက မီးဝင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။ 

“သူတို့ (စစ်ကောင်စီ) အထိနာပြီး ကံသစ်ကျေးရွာက တောတိုက်တွေမှာရှိနေတဲ့ ပြည်သူတွေရဲ့ နေ‌အိမ် ၁၀ လုံးနဲ့ ထန်းလျက်တဲတွေကို မီးရှို့သွားတယ်”လို့ ရေစကြိုပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

ဒေသခံတွေကတော့ စစ်ကြောင်းဝင်လာချိန်မှာထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အတွက် ထိခိုက်မှုမရှိခဲ့ ကြဘူးလို့ အထက်ပါသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

မီးရှို့ပြီးနောက်မှာ စစ်ကြောင်းဟာ တောင်အိုရွာဘက်နဲ့ ခလရ ၂၅၆ တပ်ထဲကို အဖွဲ့ခွဲပြီး ပြန်သွားကြတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၆ က စစ်သားတွေကို ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇီးကုန်းရွာနဲ့ ဇီးကုန်းကျွန်းရွာအကြား တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #မိုင်းဆွဲခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10