မိုင်းထိဒဏ်ရာနဲ့ဆေးရုံတက်ကုနေတဲ့ PDF သတင်းပေးခံရလို့ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ သေဆုံး

မိုင်းထိဒဏ်ရာနဲ့ဆေးရုံတက်ကုနေတဲ့ PDF သတင်းပေးခံရလို့ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ သေဆုံး

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆေးရုံတခုမှာ တက်ရောက်ကုသနေတဲ့ နတ်မောက် PDF ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ၂ ရက်အကြာမှာသေဆုံးသွားတယ်လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။

သေဆုံးသွားသူဟာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ နတ်မောက်ဂဠုန်တပ်ဖွဲ့က တပ်ခွဲမှူး အသက် ၂၃ နှစ်အရွယ် ဂိုဏ်းချုပ်(ခ)မောင်မင်းဇော် ဖြစ်ပြီး မိုင်းမတော်တဆမှု ဒဏ်ရာကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေစဉ် သတင်းပေးခံရပြီး ဇူလိုင် ၉ ရက်က ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"သူဆေးရုံတက်နေရတာကို ဆေးရုံဝန်ထမ်းတဦးက စကစကို သတင်းပေးလိုက်လို့ လာဖမ်းသွားတာ။ သူ့ကို လူနာစောင့်ပေးနေတဲ့သူတွေတောင် မနည်းလွတ်အောင်ပြေးလာရတာ"လို့ နတ်မောက်ဂဠုန် PDFတာဝန်ခံ ဗိုလ်အောင်ဒင်က မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ PDF တပ်ခွဲမှူးဟာ ဖမ်းဆီးခံရပြီးနောက် ၂ ရက်အကြာ ဇူလိုင်လ ၁၁ ရက်မှာ သေဆုံးသွားတယ်ဆိုတာ ပြန်လည်သိရှိရတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးကုသနေစဉ် ဖမ်းဆီးခံရအောင် သတင်းပေးသူတွေကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်သွားမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ဒဏ်ရာရနေတဲ့ ရဲဘော်တဦးကို သတ်ဖြတ်စရာအကြောင်းမရှိဘဲ စစ်ဥပဒေအရသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါရဲဘော်ဟာ ဇူလိုင် ၇ ရက်က နတ်မောက်မြို့နယ်၊ ကျောက်အိုးနဲ့ ကျောက်ဆည်ရွာကြား နတ်မောက်-ကျောက်ဆည်ရထားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ချိန် မိုင်းမတော်တဆမှုဖြစ်ပြီး ဒဏ်ရာရရှိသွားတာလို့ သိရပါတယ်။

ဒဏ်ရာအခြေအနေ စိုးရိမ်ရတာကြောင့် ဇူလိုင် ၈ ရက်မှာ လူနာစောင့်တွေထည့်ပေးလိုက်ပြီး ဆေးရုံတက်ကုသနေစဥ် ဆေးရုံဝန်ထမ်းအချို့က သတင်းပေးလို့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ ရဲဘော် ဂိုဏ်းချုပ်(ခ)မောင်မင်းဇော်ဟာ မိုင်းစမှန်တဲ့ ဒဏ်ရာတွေကို ခွဲစိတ်ကုသပြီးချိန် အခြေအနေကောင်းမွန်တယ်လို့ သိရပြီးမှ သေဆုံးသွားရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#နတ်မောက် #PDF #မိုင်းထိခိုက်မှု #ဒဏ်ရာရ #အသတ်ခံရ #စစ်ကောင်စီတပ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10