မိုင်းပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့အမျိုးသမီး ၃ ရက်အကြာမှာ သေဆုံး

မိုင်းပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့အမျိုးသမီး ၃ ရက်အကြာမှာ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်မှာ နေအိမ်ရှေ့ လာချထားတဲ့ ပန်းခြင်းကို ဖယ်လိုက်ရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသွားတဲ့အမျိုးသမီး ၃ ရက်အကြာမှာ သေဆုံးခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

သေဆုံးသူဟာ ဒေါ်ဥမ္မာထွေး ၅၀ နှစ်ဖြစ်ပြီး မိုင်းစထိမှန်ပြီးနောက်မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံမှာ ဆေးကုသမှုခံနေစဥ် အောက်တိုဘာလ ၂၆ ရက် မနေ့ကမနက်ပိုင်းမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"မနေ့ မနက်ကပဲဆုံးသွားလို့ ဆေးရုံကနေ နေအိမ်ကိုတော့ အလောင်းကို ပြန်သယ်လာပြီလို့ သိရတယ်။ နာရေးကိစ္စကတော့ လုပ်နေကြပါပြီ"လို့ ဒေသလူမှူကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်လောက်က ကျောက်အရောင်းအဝယ်လုပ်တဲ့ ဦးထွန်းနိုင်ဝင်း ၅၀ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ဥမ္မာထွေး ၅၀ နှစ်တို့ဟာ အပြင်ကနေ နေအိမ်ကိုပြန်လာရာ အိမ်ရှေ့တံခါးဝမှာချထားတဲ့ ပန်းခြင်းကို ဇနီးဖြစ်သူက ဖယ်ရှားလိုက်စဥ် ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ 

အဲ့ဒီနောက် ဒေါ်ဥမ္မာထွေးမှာ မျက်နှာ၊ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာရခဲ့ပြီး အမျိုးသားဖြစ်သူက ခြေထောက်ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။ ဒေါ်ဥမ္မာထွေးမှာ စိုးရိမ်ရတဲ့အတွက် စစ်ကိုင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အဲ့ဒီမိုင်းကို ဘယ်အဖွဲ့က ဘာကြောင့်ထောင်သွားတယ်ဆိုတာ အောက်တိုဘာ ၂၇ ရက် ဒီနေ့အထိ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #စစ်ကိုင်း #မိုင်းပေါက်ကွဲ #သေဆုံး #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10