မိုင်းအတုကို ရှင်းလင်းပြီး လာကြည့်တဲ့စစ်တပ် ပေပါမိုင်းထိပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

မိုင်းအတုကို ရှင်းလင်းပြီး လာကြည့်တဲ့စစ်တပ် ပေပါမိုင်းထိပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီး တိုးဂိတ်ဟောင်းမှာ မိုင်းအတုကို ပစ်ခတ်ရှင်းလင်းပြီး လာကြည့်တဲ့ စစ်ကောင်စီအဖွဲ့ ပေပါမိုင်းထိပြီး ၂ ဦးသေ ၅ ဦးဒဏ်ရာရသွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO ထံက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းနဲ့ ဒေသခံတွေကို ချုံရှင်းခိုင်းပြီး ပြန်လာတဲ့ ကျောက်လှေခါးဂိတ် တာဝန်ကျ စစ်ကောင်စီဗိုလ်ကြီး ထွန်းထွန်းဇော်တို့အဖွဲ့ဟာ တိုးဂိတ်ဟောင်းထဲက မိုင်းအတုကို ရှင်းလင်းပြီး ဝင်စစ်ချိန်မှာ ပေပါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့  ၂ ဖွဲ့က တိုးဂိတ်ဟောင်းထဲမှာ ကျနော်တို့ဘက်က အယောင်ပြထောင်ထားတဲ့ မိုင်းအတုကို သေနတ်တွေနဲ့ ပစ်ခတ်ရှင်းပြီး အားလုံးရှင်းသွားပြီဆိုတဲ့အထာနဲ့ ဂိတ်ထဲဝင် စကားပြောနေချိန်မှာ ကြိုတင်ထောင်ထားတဲ့ ပေပါမိုင်းကို ခွဲလိုက်တာ" လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ကို မြင်လောက်တဲ့နေရာကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ထိခိုက်သေဆုံး အော်ဟစ်သံတွေကို မြင်တွေ့ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

ပေပါမိုင်းထိလို့ စစ်ကောင်စီတပ်သား ၂ ဦးနေရာမှာ သေဆုံးပြီး ဗိုလ်ကြီး ထွန်းထွန်းဇော်အပါအဝင် ၅ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီအဖွဲ့ဟာ သူတို့စီးလာတဲ့ ကားတွေနဲ့ပဲ သေဆုံးဒဏ်ရာရသူတွေကို တင်ဆောင်ပြီး ရေစကြိုမြို့ထဲကို ပြန်ဝင်သွားကြပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO၊ Urban Underground Revolution Forces၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 revolution အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဇန်နဝါရီ ၂၈ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဆင်မရဲပျူစောထီးရွာတိုက်ခိုက်ခံရပြီး ၁၀ ဦးကျော်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်းဒေသကြီး #ရေစကြိုမြို့နယ် #ကျောက်လှေခါးကျေးရွာ #တိုးဂိတ်ဟောင်း #မိုင်းအတု #စစ်ကောင်စီ #ပေပါမိုင်း #ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ #YSO #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10