သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ယခုနှစ်မြန်မာနိုင်အနှံ့ရှိ မြို့နယ်ပေါင်း ၄၀ကျော်မှာ မိုးရွာသွန်းမှုများတာကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပေမယ့် ကန့်ဘလူ၊ ကောလင်း၊ အင်းတော်မြို့နယ်တွေမှာ မိုးခေါင်ရေရှားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကန့်ဘလူမြို့နယ်ထဲက ပင့်သာ၊ ရှမ်းကုန်း၊ ပင်းတဲ၊ ဟင်းဖြူတော၊ အင်းမ၊ ဖလားရ၊ ချောင်းခြား၊ မကျီးကုန်း၊ ပလူသာ၊ ညောင်ကုန်း၊ လက်ခုပ်ပင်၊ ပေကုန်းစတဲ့ ကျေးရွာတွေမှာလည်း မိုးရာသီအစ ဇွန်လကနေ သြဂုတ်လလယ်ပိုင်းအထိ မိုးခေါင်ရေရှားပါးတဲ့အတွက် လုံလောက်တဲ့ ရေပမာဏမရတဲ့အပြင် တဖက်မှာလည်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
အဲ့ဒီဒေသက တောင်သူတွေ ဘယ်လိုရင်ဆိုင်နေရပါသလဲ။ မိုးစပါးစိုက်ပျိုးရေးနဲ့ ပဲ၊ ပြောင်းစတဲ့ သီးနှံတွေစိုက်ပျိုးနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတချို့ရဲ့ ပြောစကားတွေကို မြေလတ်အသံက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
မကျီးကုန်းကျေးရွာမှ လယ်သမားတဦး
မိုးကခေါင်တော့ ပျိုးထောင်ထားတဲ့ စပါးပင်တွေကလည်း သေကြတယ်။ တချို့လယ်တွေထဲမှာ ကန်တွေတူးထားကြတော့ အဲ့ကရေနဲ့ လယ်ထွန်နေကြရတယ်။ တချို့ဆိုရင်လည်း ချောင်းတွေကနေတဆင့် ရေတင်စက် တွေနဲ့ ရေတင်စိုက်နေကြရတယ်။ ကျနော်တို့ရွာမှာဆိုရင် လယ် သုံးပုံတပုံလောက်ပဲ စိုက်ပျိုးနိုင်တယ်။ ဓာတ်ဆီ ၁ ဂါလံကို ၃၅၀၀၀ ရှိတယ်လေ။ တချို့ လယ်သမားတွေဆိုရင် လယ်ဆက်မလုပ်တော့ဘဲ ရပ်ထားလိုက်ရတယ်။ စိုက်ပျိုးစရိတ်ကလည်း တအားကြီး၊ ကုန်ဈေးနှုန်းတွေကလည်း တအားကြီးတော့ တောင်သူတွေမှာ ကုန်ကျစရိတ်က တအားများနေတာလေ။ လူတဦးကောက်စိုက်ခ တရက်ကို ၂၀၀၀၀ ပေးရတယ်ဗျ။ ပုလဲဓာတ်မြေသြဇာတအိတ်ကို ၁၅၀၀၀၀ အထိရှိတယ်။ တောင်သူတဦး လယ်လုပ်မယ်ဆိုရင် လက်ထဲမှာ သိန်းနှစ်ဆယ် မရှိဘူးဆိုရင် လုပ်လို့မရဘူး။ မိုးခေါင်တော့ ရေစုပ်စက်တွေငှားပြီး ရေတင်ရတယ်။ ကျနော့်မှာဆိုရင် ပျိုးနှုတ်တာ၊ ကောက်စိုက်တာတွေကို ကိုယ့်ဘာသာပဲ တယောက်တည်း လုပ်နေရတယ်။ ဝင်ငွေရတဲ့ တခြားအလုပ်အကိုင်တွေမရှိတော့ လုပ်သားငှားဖို့က ပိုက်ဆံမတတ်နိုင်ဘူးလေ။ ကျနော်တို့က တောင်သူရိုးရိုးသပ်သပ်ပဲဆိုတော့ ပိုဆိုးတာပေါ့ဗျ။ မိုးကခေါင်၊ သွင်းအားစုတွေက စျေးတအားကြီးနေတော့ မျိုးရိုးစဥ်ဆက်လုပ်ခဲ့လို့သာ တောင်သူလုပ်နေရတာ။ အခုအခြေအနေမှာ တောင်သူအလုပ်ကဘယ်လိုမှ မကိုက်ဘူးဗျာ။
ဖလားရကျေးရွာမှ တောင်သူလယ်သမားတဦး
ကျနော်တို့ရွာမှာတော့ ဆည်မြောင်းကနေ ရေပေးတာပါ။ အဲဒါကြောင့် ရေဝင်တွင်းလေးတွေ ရတယ်။ ရေကနည်းနည်းပါးပါး ရတယ်။ တောင်သူအကုန်လုံးတော့ မရဘူး။ ဆည်နဲ့နီးနဲ့လူတွေလောက်ပဲ ရတာ။ ကျနော်တို့ရွာမှာတော့ မိုးနည်းနည်းပါးပါးရွာတာ ၃၊ ၄ ရက်လောက်ရှိနေပြီ။ ရွာလည်း နောက်ကျသွားပြီပေါ့ သီးနှံတွေအနေနဲ့ကျတော့။ နွေစပါးကျတော့လည်း ဝယ်သူမရှိဘူးဗျ။ အရင်နှစ်တွေ တုန်းကတော့ စပါးစိုက်ချိန်၊ ပျိုးချိန်မှာ မိုးကရွာတော့ အဆင်ပြေတယ်။ ဒီနှစ်ကျတော့ စိုက်ပျိုးချိန်မှာ မိုးကလုံးဝမရွာဘဲ ခေါင်နေတာ။ ရေတင်စိုက်တဲ့နေရာမှာလည်း တောင်သူ ၁၀ ဦးမှာ ၂ ဦးလောက်ပဲ အဆင်ပြေကြတယ်လေ။ ကုန်းသီးနှံတွေဖြစ်တဲ့ ပဲစဉ်းငုံ၊ ပြောင်း၊ မြေပဲတို့ဆိုတော့လည်း ရေမရတော့ မစိုက်ကြတော့ဘူး။ ဓာတ်ဆီ ၁ ဂါလံကို ၄၀,၀၀၀ ကျော်ရှိတယ်။ ဒီဇယ်ဆီ ၅ ဂါလံ ပုံး ၁ ပုံးကိုတော့ ၁၆၀,၀၀၀ရှိတယ်ဗျ။ စျေးကြီးတာတော့ ပြောမနေနဲ့။ အစစအရာရာကိုက စျေးကြီးနေတာ။ အရင်တုန်းကဆိုရင် ရေသန့်ဘူး ၁ လီတာဘူး ၁ ဘူးကိုမှ ၃၀၀၀ ကျတယ်။ အခုက ၁ ဘူးကို ၈၀၀၀ ကျတယ်။ အရင်တုန်းကဆိုရင် အမြဲတမ်းလိုလို စစ်ကြောင်းထိုးတယ်။ အခုတော့ စစ်ကြောင်းမထိုးတာ ၂ လကျော်ရှိပြီး။ စစ်ကြောင်းမထိုးလို့ တော်သေးတာပေါ့ဗျ။ ကျနော်တို့ ပင့်သာတိုက်နယ်မှာ ရွာ ၁၂ ရွာရှိတယ်ဗျ။ အဲဒီ ၁၂ ရွာထဲမှာ ဆည်မြောင်းရှိလို့ ရေနည်းနည်းပါးပါးရတဲ့ ၄ ရွာလောက်ပဲရှိတယ်။ ကျန်တဲ့ ၈ ရွာလောက်က လုံးဝ ရေမရကြတော့ ဘာမှလုပ်မရဘူး။ ဆည်ရေ နည်းနည်းပါးပါးရတဲ့ ရွာတွေကတော့ ပင့်သာ၊ ရှမ်းကုန်း၊ ဖလားရ၊ ချောင်းခြားရွာတို့ ဖြစ်တယ်။
အင်းမကျေးရွာမှ လယ်သမားတဦး
ကျနော်တို့ရွာမှာက မိုးရာသီစကတည်းက အခုထိ မိုးလုံးဝမရွာသေးဘူးဗျ။ စပါးတွေကျတော့ ချောင်းတွေထဲက ရေတွေတင်ပြီး စိုက်နေရတယ်။ လယ်တွေကို စက်နဲ့ထွန်တဲ့သူထွန်၊ ကျွဲ၊ နွားတွေနဲ့ ထွန်တဲ့သူထွန်ပေါ့။ စက်နဲ့ထွန်တဲ့သူဆိုရင် ကုန်ကျစရိတ်ပိုများတာပေါ့။ ပရီမီယံဒီဇယ်ဆီ ၁ ပေပါကို တဆယ့်ခြောက်သိန်းရှိတယ်ဗျ။ ရေတင်ပြီးစိုက်တာကလည်း တရွာလုံး စိုက်လို့မရဘူးဗျ။ ချောင်းအနီးမှာလယ်ရှိတဲ့သူတွေပဲ စိုက်လို့ရတာ။ ချောင်းနဲ့အဝေးမှာ လယ်ရှိတဲ့သူတွေဆိုရင် အခုထိ မစိုက်နိုင်ကြသေးဘူးဗျ။ သူတို့က မိုးကိုပဲမျှော်နေကြရတယ်။ တချို့လယ်သမားတွေဆိုရင် ပျိုးပင်မရှိလို့ လုပ်ကိုမလုပ်ကြတော့ဘူး။ ပျိုးပင်တွေက မိုးခေါင်လို့သေသွားကြပြီလေ။
ရှမ်းကုန်းကျေးရွာမှ လယ်သမားတဦး
ကျနော်တို့ရွာမှာက ဆည်ရေတော့ တလှည့်ကျစီရတယ်ဗျ။ အဲ့ဒါနဲ့က မလုံလောက်ဘူး။ စပါးက ရေကြိုက်တော့လယ်ကွင်းမှာ ရေတင်ကျန်နေဖို့လိုတယ်လေ။ အခုရတဲ့ရေက မြေစိုရုံ၊ ရွှံ့နည်းနည်း ဖြစ်ရုံလောက်ပါပဲ။ ဆည်ကနေ ရေစုပ်စက်နဲ့ ရေတင်တာ ၁ နာရီကို ၂၀၀၀ ပေးရတယ်။ ရေစုပ်စက်မှာထည့်တဲ့ ဓာတ်ဆီဖိုးကိုလည်း လယ်သမားတွေကပဲ ပေးထည့်ရတာ။ အခုတော့ ကျနော့်မှာ ၃ ဧကလောက်တော့ စိုက်ပျိုးပြီးပြီ။ စပါးကဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေရတာပေါ့ဗျ။ ပျက်သွားရင်လည်း ခံပေါ့။ ကောင်းသွားရင်လည်း စံပေါ့ဗျ။ ကျနော့်လယ်က ဆည်နဲ့ ပေ ၁၀၀၀ လောက်ဝေးတယ်။ အဲဒီအဝေးကနေ ရေတင်ပြီးစိုက်ရတာ အတော်လည်း ကုန်ကျပါတယ်။ ပိုက်ဆံမရှိတဲ့ လူတွေဆိုရင်တော့ မိုးကိုပဲ ဆက်လက်မျှော်နေရတယ်ပေါ့ဗျာ။
#မြေလတ်အသံ
#အင်တာဗျူး #VoxPop #ကန့်ဘလူ #မိုးခေါင်ရေရှား #သဘာဝဘေးအန္တရာယ်
Share Share Share