မိုးညိုမှာ မိုင်းဆွဲခံရတဲ့စစ်အုပ်စုက လူငယ် ၇ ဦးကို ဖမ်းဆီး

မိုးညိုမှာ မိုင်းဆွဲခံရတဲ့စစ်အုပ်စုက လူငယ် ၇ ဦးကို ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်မှာ စစ်ကောင်စီကားတစီး ဇူလိုင်လ ၁၉ ရက်မနက် ၁၀ နာရီကျော်မှာ မိုင်းဆွဲခံရပြီးနောက် အဲ့ဒီနေ့မှာတင် စစ်ကောင်စီတပ်သားတွေက ဒေသခံ ၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေ မိုးညိုမြို့ကိုအပြန်မှာ ညောင်လေးပင်ကျေးရွာက အသက် ၁၀ နှစ်ကျော် နဲ့  ၂၀ ကျော်အရွယ်ရှိကြတဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ အဲဒီကျေးရွာသား တဦးက ပြောပါတယ်။

"မိုင်းဆွဲသံတော့ မကြားလိုက်ဘူး။ ရွာအပြင်မှာ ဂိမ်းဆော့နေကြတဲ့ ကလေး ၇ ယောက်ကိုတော့ ဖမ်းခေါ်သွားတယ်။ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့သိရတယ်"လို့ ညောင်လေးပင် ရွာခံ အမျိုးသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိပ်အချက်အလက်ကို မသိရှိရပေမယ့် ဇူလိုင်လ ၂၁ ရက်ဒီကနေ့အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

ညောင်လေးပင်နဲ့ မြစ်သာကျေးရွာကြားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲထားတာကို အင်အား ၁၅ ဦးပါတဲ့ စစ်ကောင်စီတပ်သားတွေက သွားဖြုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိုးညိုမြို့နယ် ပကဖက ပြောပါတယ်။

"၂ ယောက်သေပြီး ၅ ယောက်လောက် ဒဏ်ရာအပြင်းအထန်ရသွာတယ်။ မိုင်းဆွဲတာက ညောင်လေးပင်ရွာနဲ့ မြစ်သာရွက်နားဘက်ပဲ။ မိုင်းဆွဲခံရလို့ ပြန်ပစ်တာရှိတယ်။ မိုးတွေလည်း ရွာနေတယ်။ မိုင်းဆွဲတုန်းက"လို့ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကိုတော့ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ သာယာဝတီခရိုင်တပ် ရင်း ၃၈၀၂ တပ်ခွဲ ၄ ရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မိုးညို #စစ်ကောင်စီ #ဖမ်းဆီး #လူငယ်၇ဦး #PDF #တိုက်ခိုက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10