မိုးညိုမှာ ရဲတပ်ဖွဲ့က ဆိုင်ကယ်တွေဖမ်းဆီးပြီး ငွေသိန်းဂဏန်းအထိ တောင်းနေ

မိုးညိုမှာ ရဲတပ်ဖွဲ့က ဆိုင်ကယ်တွေဖမ်းဆီးပြီး ငွေသိန်းဂဏန်းအထိ တောင်းနေ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မိုးညိုမြို့နယ်၊ ထိန်တောမြို့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ခရီးသွားဆိုင်ကယ်တွေကိုဖမ်းဆီးကာ ငွေသိန်းဂဏန်းအထိတောင်းခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေလ ၇ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်က မိုးညိုမြို့မရဲစခန်းမှ နယ်ထိန်းရဲဦးဆောင်တဲ့ ရဲတပ်ဖွဲ့တွေဟာ ထွန်းမြတ်တံတားထိပ်မှာ ဆိုင်ကယ်တွေဖမ်းဆီးပြီး ငွေတောင်းခံတဲ့အပြင် ဆိုင်ကယ်နဲ့အတူပါလာတဲ့ ပစ္စည်းတွေကိုလည်း အဓမ္မယူဆောင်သွားတယ်လို့ ထိန်တောမြို့ခံတဦးက ပြောပါတယ်။


" တွေ့သမျှအကုန်ဖမ်းတာ ဆိုင်ကယ်တွေကို။ အိမ်တွေဆောက်ဖို့ ဝါးလာဆွဲတဲ့ ဆိုင်ကယ်တွေ ဖမ်းပြီးယူသွားတာ။ ရဲစခန်းကိုပြန်လိုက်ရွေးရတယ်။ ဆိုင်ကယ်သမားတွေက ပြန်ရောင်းဖို့ ပုံးနဲ့ထည့်လာတဲ့ ဓာတ်ဆီပုံးတွေလည်း အကုန်သိမ်းတာ။ ဆိုင်ကယ်တော့ ပြန်ရတယ်။ ငွေတောင်းတာ ၃ သိန်းလောက်ပေးရတယ်။ တချို့ဆိုင်ကယ်တွေလည်း ဖမ်းပြီးသိမ်းသွားတာ ပြန်မရဘူး" လို့ ပြောပါတယ်။

ရဲတွေဟာ ဖမ်းဆီးယူဆောင်သွားတဲ့ ဓာတ်ဆီပုံးထဲက ဓာတ်ဆီတွေကို ပိုင်ရှင်တွေဆီပြန်လည်မပေးအပ်ဘဲ မြို့တွင်းက တခြားဓာတ်ဆီဆိုင်တွေမှာ ရောင်းချပြီး ကိုယ်ကျိုးအတွက်အသုံးပြုတယ်လို့လည်း အဲ့ဒီမြို့ခံက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲတွေဟာ ထိန်တောမြို့ ထွန်းမြတ်တံတားထိပ်၊ ကျွဲတကုန်းထိပ်တွေ နဲ့ထိန်တောဆေးရုံရှေ့တွေမှာ ဖမ်းဆီးမှုတွေလုပ်ဆောင်လေ့ရှိပြီး ငွေညှစ်တောင်းခံတာတွေအပြင် ဆိုင်ကယ် ဖမ်းဆီးခံရပြီး လူကိုပါ ထောင်ဒဏ်ချမှတ်ခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10