မိုးရွာချိန် သဲချောင်းကို ကားနဲ့ဖြတ်ဖို့ကြိုးစားတဲ့ သားအဖ ကားနဲ့အတူ ချောင်းထဲ မျောပါသေဆုံး

မိုးရွာချိန် သဲချောင်းကို ကားနဲ့ဖြတ်ဖို့ကြိုးစားတဲ့ သားအဖ ကားနဲ့အတူ ချောင်းထဲ မျောပါသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးက တောင်ကျချောင်းရေစီးနေတဲ့ သဲချောင်းကို ကားနဲ့ဖြတ်ဖို့ ကြိုးစားတဲ့သားအဖ ၂ ဦးဟာ ကားနဲ့အတူ တောင်ကျချောင်းရေထဲ မျောပါသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးသွားတဲ့သားအဖ ၂ ဦးဟာ ကျောက်ပန်းတောင်းမြို့ကနေ ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စု၊ သဲရာချောင်းကျေးရွာမှာ စျေးရောင်းပြီး စက်တင်ဘာလ ၂၈ ရက် ည ၁၂ နာရီခန့်မှာ လိုက်ထရပ်ယာဥ်နဲ့ ပြန်လာတဲ့အချိန် တောင်ကျချောင်းရေ စီးနေတဲ့ချောင်းကို ဖြတ်ဖို့ ကြိုးစားခဲ့ရာမှာ အခုလို သေဆုံးခဲ့ရတာဖြစ်ပါတယ်။ 

"ညက မိုးကောင်းချိန် သူတို့က တောင်ကျရေစီးနေချိန်မှာ ချောင်းကိုကားနဲ့ဖြတ်ချိန် မျောပါသွားတာ” လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သားအဖ ၂ ဦးပျောက်ဆုံးနေလို့ မိသားစုဝင်ဆွေမျိုးတွေက စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက် ၈ နာရီမှာ လိုက်ရှာကြတဲ့အခါ သဲချောင်းထဲမှာ ကားနဲ့အတူ သေဆုံးနေတဲ့သားအဖ ၂ ဦးရဲ့အလောင်းကို ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

“အလောင်းနဲ့ကားတွေက ဒီမနက်မှ ပြန်တွေ့ရတာ" လို့ အထက်ပါဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ ဒေသလူမှုကူညီရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ သားအဖ ၂ ဦးဟာ အသက် ၆၀ နှစ်အရွယ် ဦးကျော်မိုးနဲ့ သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုမိုးအောင် တို့ဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ လိုက်ထရပ်ကားတစီးဟာ သဲချောင်းထဲမှာ တိမ်းမှောက်ပြီး သဲထဲမှာ တပိုင်းမြုပ်နေတာကို တွေ့ရပါတယ်။

သဲထဲမှာ တပိုင်းနစ်မြုပ်နေတဲ့ လိုက်ထရပ်ကားကို ညောင်ဦးမြို့နယ် မီးသတ်နဲ့ ဒေသလူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းတူးဖော်ခဲ့ကြပြီး သေဆုံးသွားတဲ့ သားအဖ ၂ ဦးကိုတော့ ညောင်ဦးခရိုင်ဆေးရုံကို ပို့လိုက်ကြတယ်လို့ သိရပါတယ်။

ညောင်းဦးမြို့နယ်ထဲက သဲချောင်းအများစုဟာ အမြဲတမ်းရေရှိနေတဲ့ ချောင်းတွေမဟုတ်ဘဲ မိုးရွာတဲ့အချိန် တောင်ကျရေကျဆင်းလာမှသာ ရေရှိတတ်ပြီး သာမန်အချိန်မှာ ရေမရှိတဲ့ ချောင်းခြောက်တွေ ဖြစ်ပါတယ်။ 

သဲချောင်းတွေနဲ့ နီးကပ်တဲ့ရွာတွေက ဒေသခံတွေဟာ ရေမရှိချိန် ချောင်းအတွင်းကနေ ဖြတ်သန်းသွားလာတတ်ကြပြီး တောင်ကျရေစီးဆင်းတဲ့အချိန်တွေမှာ ဖြတ်ကူးလေ့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မေ ၁၁ ရက်က  ညောင်ဦးမြို့၊ အမှတ် ၇ ရပ်ကွက်၊ ဝက်ကြီးအင်းရပ် အလိုတော်ပြည်ကျောင်းတိုက်က ကိုရင် ၂ ပါး ဧရာဝတီမြစ်ထဲမှာ ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ညောင်ဦးမြို့နယ် #တောင်ဇင်း #လျှော်ပင်ကျေးရွာ #ချောင်းခြောက် #တောင်ကျချောင်း #သဲချောင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10