မိုးရွာလို့ယာခင်းတဲထဲဝင်နားချိန် မိုးကြိုးထိလို့ အမျိုးသား ၃ ဦးသေဆုံး

မိုးရွာလို့ယာခင်းတဲထဲဝင်နားချိန် မိုးကြိုးထိလို့ အမျိုးသား ၃ ဦးသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းတောကြီးကျေးရွာမှာ မေလ ၃၁ ရက် မနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်က  အမျိုးသား ၃ ဦး  မိုးကြိုးထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၄၉ နှစ်အရွယ် ကိုလှိုင်မျိုးဦး ၊  အသက် ၂၉ နှစ်အရွယ် ကိုဇော်မျိုးအောင် နဲ့ အသက်၂၈ နှစ်အရွယ် ကိုအောင်ဆန်းတို့ဖြစ်ပြီး  မုန်းတောကြီးကျေးရွာ၊ တောင်ဘက်ကွင်းအတွင်း ယာခင်းတဲမှာရှိနေစဉ် မိုးကြိုးထိသွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"သူတို့လယ်ထဲက နှမ်းခင်းကို ရေသွင်းနေတဲ့အချိန် မိုးရွာ၊ လျှပ်စီးတွေလက်နေလို့ ယာခင်းတဲထဲ ဝင်နားလိုက်ကြတယ်။ သူတို့တဲထဲရောက်ပြီးချိန်မှ မိုးကြိုးကပစ်တာ။ သူတို့နားနေတဲ့ တဲကိုထိပြီး သူတို့ ၃ ယောက်လုံးပါ မိုးကြိုးထိပြီး သေသွားတာ။ ၂ ယောက်က ညီအကိုဝမ်းကွဲ၊ တယောက်က အလုပ်သမား "လို့ ပြောပါတယ်။

မိုးကြိုးထိသေဆုံးသွားတဲ့သူ ၃ ဦးကို ဒေသခံတွေက ပွင့်ဖြူဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဆရာဝန်တွေရဲ့ ရင်ခွဲစစ်ဆေးချက်တွေပြီးလို့ အလောင်းတွေကို မုန်းတောကြီး ကျေးရွာကို ပြန်သယ်လာပြီး နာရေးလုပ်ဖို့ ပြင်နေကြတယ်လို့ သိရပါတယ်။

အလားတူ ယမန်နေ့ မေလ ၃၁ ရက် ညနေပိုင်းမှပဘဲ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လေးတောင်မြို့က ကျောင်းသား ၂ ဦး မိုးရွာနေချိန်ဂိမ်းဆော့စဉ် မိုးကြိုးထိမှန်သေဆုံးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #မိုးကြိုထိမှန် #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10