မိုးလုံးဝမရွာတာနဲ့ မြေဆီလွှာရေခမ်းခြောက်တာတွေကြောင့် စိုက်ပျိုးရေးအတွက် ပြင်ဆင်နိုင်ခြင်း မရှိသေး

မိုးလုံးဝမရွာတာနဲ့ မြေဆီလွှာရေခမ်းခြောက်တာတွေကြောင့် စိုက်ပျိုးရေးအတွက် ပြင်ဆင်နိုင်ခြင်း မရှိသေး

ပဲခူးတိုင်းဒေသကြီးထဲမှာ သင်္ကြန်ပြီးကာလကတည်းက လက်ရှိအချိန် မေလဆန်းပိုင်းအထိ မိုးလုံးဝ မရွာသေးတာကြောင့် မိုးစပါးအတွက်ကြိုတင်ပြင်ဆင် ထွန်ယက်ထားနိုင်ခြင်း မရှိသေးဘူးလို့ ဒေသတွင်းတောင်သူလယ်သမားများဆီက သိရပါတယ်။

"အရင်ကတော့ သင်္ကြန်တွင်းနဲ့ သင်္ကြန်ပြီးပြီဆို မိုးကဆော့လာပြီ။ တမိုးနှစ်မိုးလောက်ရွာတယ်ဆို မြေအစိုဓါတ်လေးဖမ်းတော့ ထွန်ယက်ထားလို့ရပြီပေါ့။ အခုကတော့ ပူလိုက်တာမှ လယ်ကွက်တွေထဲ ခြောက်သယောင်းနေတာပဲ" လို့ သာယာဝတီခရိုင်ထဲက လယ်သမားတဦး ကပြောပါတယ်။

ပဲခူးတိုင်းအတွင်းက ဆည်ရေရရှိတဲ့ ဒေသတွေမှာသာ နွေစပါးကို စိုက်ပျိုးနိုင်ကြပြီး ကျန်ဒေသတွေမှာတော့ မိုးစပါးနဲ့ ဆောင်းသီးနှံပဲတို့ကိုသာ အားကိုးအားထားပြုထားရတာပါ။ 

"မိုးနောက်ကျတော့စိုက်ပျိုးရေးကိုထိခိုက်တာပေါ့။ အခုထိကျနော်တို့ ငုတ်တုတ်ထိုင်နေရတယ်။ စိုက်ရက်နောက်ကျတာနဲ့ မိုးကပါခေါင်မယ်ဆို စိုက်ထားတာ အကုန်ရှုံးမှာပဲ။" လို့ ပြည်ခရိုင်ထဲက လယ်သမားတဦး ကပြောပါတယ်။

အနောက်တောင်မုတ်သုံလေဟာ ဇွန်လ ၃ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ဝင်ရောက်နိုင်ပြီး မိုးဦးကာလလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန် ကြေညာထားပါတယ်။

ဒါ့အပြင် ဧပြီလတတိယပတ် ဆယ်ရက်ပတ်အတွင်းမှာ မြေဆီလွှာစွတ်စိုမှုအခြေအနေဟာ ခြောက်သွေ့အခြေအနေမှာပဲရှိနေပြီး အဲဒီအထဲမှာ ပဲခူးတိုင်းလည်းပါဝင်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ကြေညာပါတယ်။

"ရေခမ်းတာပေါ့။ တချို့နေရာတွေမှာ ရေကန်တွေပါခမ်းကုန်တာ။ မြေအောက်ရေက ခမ်းသွားတော့ မြေတွေမာခြောက်ပြီး ထွန်ယက်ဖို့ဘယ်ဖြစ်နိုင်မလဲ" လို့ သာယာဝတီခရိုင်ထဲက လယ်သမားတဦး ကပြောပါတယ်။

ယခုနှစ်နွေရာသီမှာ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ စံချိန်တင်အပူချိန်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အပူဆုံးမြိုတွေစာရင်းမှာလည်း ရက်ဆက်ဆိုသလို ထိပ်ဆုံးစာရင်းတွေ ပါဝင်ခဲ့ပါတယ်။

‌ရှေ့လာမယ့် စိုက်ပျိုးရာသီမှာတော့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုပြဿနာနဲ့ စိုက်ပျိုးရေးသွင်းအားစုစားရိတ် ကြီးမြင့်တာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်နိုင်အုံးမယ်လို့ တောင်သူလယ်သမားတွေက ဆက်ပြောပါတယ်။

ပုံစာ-ပြည်ခရိုင်တွင်း စိုက်ပျိုးရေးလုပ်ငန်းစတင်ဖို့ ပြင်ဆင်နေတဲ့ လယ်သမားတဦး(ပုံဟောင်း)

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10