မီတာမဆောင်ရင် ပြည်သူကို အမှုဖွင့် အရေးယူဖို့အထိ စစ်ကောင်စီ ညွှန်ကြားထား

မီတာမဆောင်ရင် ပြည်သူကို အမှုဖွင့် အရေးယူဖို့အထိ စစ်ကောင်စီ ညွှန်ကြားထား

ပဲခူးတိုင်းအနောက်ခြမ်းမှာ လျှပ်စစ်မီတာဘေ မဆောင်ရသေးသူတွေကို ရုံးခေါ်ပြီး မီတာဆောင်ခိုင်းဖို့ နဲ့ မဆောင်တဲ့ ပြည်သူတွေကို အမှုဖွင့်အရေးယူဖို့စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

မီတာဆောင်ဖိုငွေကျန်အများဆုံးလူ ၃၀ ကို ရုံးမှာ အစည်းအဝေးခေါ်ပြီး မီတာခရရှိရေးလုပ်ဆောင်ခိုင်းထားတာကြောင့် လက်ပံတန်းမြို့နယ် သာရဝေါမြို့ မှာ လူ ၅၀ကို အစည်းအဝေးခေါ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" မနေ့အစည်းဝေးတက်ဖို့ အိမ်ခြေ ၅၀ စာဖိတ်တာ ဦးရေ ၂၀ လောက်တက်တယ်။ တချို့ ကတော့ အစည်းဝေးတက်ရင် တခါတည်းဆောင်ခဲ့ကြတယ် ပြောတယ်။ မဆောင်တာက ၂၆ လလောက်ရှိပြီဆိုတော့ တချို့အိမ်ထောင်စုဆို ၂ သိန်းလောက် ဆောင်ကြရမယ်။ ၂သိန်းကျော်တဲ့ အိမ်တွေလည်း ရှိတယ်" လို့ လက်ပံတန်းမြို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိဆောင်ခိုင်းနေတဲ့ မီတာခတွေက တလတခါ အိမ်ကိုလာပေးတဲ့ စာရွက်တွေနဲ့ မတူပဲ ကွာဟမှုတွေလည်း ရှိနေပြီး ရေးချင်သလိုရေးထားသလိုဖြစ်နေတယ်လို့ ပြောပါတယ်။

" သဘောက သူတို့ တအိမ်စီ အတိအကျ တွက်ထားတာမျိုး မဟုတ်ဘဲ သူ့တို့ရေးချင်တဲ့ ဘေရေးပြီး များတဲ့အိမ်များ နည်းတဲ့အိမ်နည်း အဲ့လိုတွေ ကြုံနေရတာလည်းကြာပြီ။ ကျနော်တို့အုပ်စုမှာက စကစကို ထောက်ခံပြီး မီတာကို
လစဉ်တိုင်း အပြေးအလွှားဆောင်ကြတဲ့ လူတွေကလည်း တဝက်လောက်ရှိတယ်" လို့ ပြောပါတယ်။

တပတ်အတွင်း ကျန်နေတဲ့ မီတာခတွေကို အပြီး‌ပေးဆောင်ရမှာဖြစ်ပြီး မဆောင်ခဲ့ရင် မီတာဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်တဲ့အပြင် စစ်သားနဲ့ ရဲခေါ်လာမယ်လို့ ခြိမ်းခြောက်တာမျိုးတွေလည်း ရှိနေပါတယ်။

" ကျေးလက်တောင်သူတွေမှာလည်း အဘက်ဘက်က ကျပ်တည်းနေချိန်မှာ အခုလို ဖိအားပေးနေတာကို ရင်ဆိုင်နေရပါတယ်။ တချို့ဆို မြေဆီတောင် မပက်နိုင်လို့ ရပ်ကြည့်နေရသူတွေ အများကြီးပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ "တရားစွဲဆိုဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးထံလိပ်မူ၍ အဆိုပါ မီးသုံးသူသည် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်သည့် ဓါတ်အားခများပေးဆောင်ခြင်းမရှိသည့်အတွက် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါဆိုပြီး အမှုဖွင့်ရန်" လို့ ညွှန်ကြားစာထုတ်ပြီး ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ် အသီးသီးကိုခိုင်းထားပါတယ်။

" လက်ရှိအခြေအနေက ကျေးရွာမှာ လျှပ်စစ်မီးရတော့ လက်နှိပ်တုံကင်တွေ နေရာမှာ မော်တာ(ငုံစုပ်)တွေ အသုံးပြုနေရဆိုတော့ တချို့ကတော့ သောက်သုံးရေအခက်အခဲကြောင့် သူတို့ တောင်းတဲ့အတိုင်း ဆောင်ကြရမယ့် သဘောရှိနေပါတယ်၊ ဆောင်ပြန်တော့လည်း မီးက သူတို့ပေးချင်တဲ့ အချိန်ပဲ လွှတ်ပေးတာ ပြီးတော့ အဓိက ချက်ပြုတ်ရမယ့် အချိန်တွေ ပျက်တာများတယ် "လို့ ဒေသခံတဦး ပြောပါတယ်။

ပြီးခဲ့တဲ့ လထဲမှာလည်း လက်ပံတန်းမြို့က ပြည်သူအချို့ရဲ့ နေအိမ်တွေကို မီတာဖြုတ်သိမ်းတာတွေ မီးကြိုးဖြတ်သွားတွေလည်း စစ်ကောင်စီက လုပ်ခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10