မီးခိုးမထွက်ဘဲစီးပွားဖြစ်နေတဲ့ မန်ကျည်းပင်တွေကို ခုတ်ရောင်းဖို့တန်ရဲ့လား (ဆောင်းပါး)

မီးခိုးမထွက်ဘဲစီးပွားဖြစ်နေတဲ့ မန်ကျည်းပင်တွေကို ခုတ်ရောင်းဖို့တန်ရဲ့လား (ဆောင်းပါး)

ဆရာမကြီးလူထုဒေါ်အမာက “အညာနဲ့တမာ” ဆိုတဲ့စကားပြေမှာ မန်ကျည်းမှည့်ဟာ အညာဒေသရဲ့ တခုသော ဝင်ငွေရတဲ့ ဒေသထွက်ကုန် လို့ဆိုပါတယ်။ ပြီးတော့ မန်ကျည်းပင်ရဲ့ အကျိုးပြုပုံကို ဘက်စုံထောင့်စုံကနေ တဖွဲ့တနွဲ့ရေးခဲ့ပါတယ်။ အဆုံးသတ်မှာတာ့ “မန်ကျည်းပင်တွေကိုတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်လှတယ်”ဆိုပြီး မေတ္တာရပ်ခံပါတယ်။

အညာနဲ့တမာ၊ အညာနဲ့မန်ကျည်း၊ အညာနဲ့ထနောင်း၊ အညာနဲ့ထန်း ဆိုတာ ပိုက်ဆံအကြွေစိက ခေါင်းနဲ့ပန်းလို ခွဲခြားထားလို့ မရပါဘူး။ ဒါ့အပြင် အထက်အညာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းကမြို့တွေမှာ မန်ကျည်းပင်ဟာ မီးခိုးမထွက်ဘဲငွေဝင်နေတဲ့ သဘာဝဝန်းကျင်နဲ့လူမှုဝန်းကျင်အကျိုးပြု သစ်ပင် ဖြစ်ပါတယ်။

အဲ့ဒီလိုအကျိုးပြုနေတဲ့ မန်ကျည်းပင်နဲ့ ပတ်သက်ပြီး အခြောက်လှန်းထားတဲ့ မန်ကျည်းရွက်တွေကို ရသလောက်ဝယ်မယ်ဆိုတဲ့ အသံဟာကျယ်လာခဲ့ပါတယ်။ ပြည်တွင်းသုံးမဟုတ်တော့ဘဲ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။

ရောင်းချလိုသူတွေနဲ့ ကန့်ကွက်သူတွေကြားမှာ ပမာဏအားဖြင့် ရောင်းချလိုသူတွေက များပြားခဲ့ပါတယ်။ ရောင်းချလိုသူတွေကတော့ မန်ကျည်းပင်တွေ ပေါပေါများများရှိနေပြီး အထူးစိုက်နေစရာမလိုဘူးလို့ ဆိုပါတယ်။ ဒီအတိုင်းလည်းကိုင်းတွေကိုခုတ်နေရသလို အရွက်ကြွေတွေကို အမှိုက်အဖြစ် လှည်းတောင်ထုတ်နေရတယ်လို့ ဆိုကြပါတယ်။

ကန့်ကွတ်သူတွေကလည်း အချက်အလက် အကိုးကားတွေနဲ့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ ဒီလိုထောက်ပြဝေဖန်သူတွေထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ သစ်ပင်ချစ်သူတွေ အများအပြား ပါဝင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေနဲ့ သစ်ပင်ချစ်သူတွေကြားမှာ ကျယ်ကျယ်လောင်လောင်နဲ့ ကန့်ကွတ်ကြတာ လူမှုကွန်ရက်တွေမှာ ရေးသားပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေမျှကြတာတွေကို ပထမဆုံး ပြန်မြင်လာရတဲ့ ဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ မန်ကျည်းပင်တွေကို ခုတ်ရောင်းကြဖို့လိုရဲ့လား၊ တန်ရဲ့လား ဆိုတဲ့ မေးခွန်းကို ထုတ်လာကြပါတယ်။ 

 

မန်ကျည်းရွက်ခြောက်တွေ တန်နဲ့ချီဝယ်မယ် 

အခုနှစ်စက်တင်ဘာလ အစောပိုင်းမှာပဲ Facebook လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူ (လုပ်ငန်းရှင်) တယောက်က သူ့အကောင့်ကနေ ကုန်ပစ္စည်းအဝယ် ကြေညာတခုကို တင်ခဲ့ပါတယ်။ အဲ့ဒါကတော့ မန်ကျည်းရွက်အရင့်အစိမ်းတွေကို ချွေပြီး နေခြောက်လှန်းထားတဲ့ အရွက်ခြောက်တွေကို ရသလောက်ဝယ်မယ်ဆိုတာပါ။ 

အဲ့ဒီမန်ကျည်းရွက်ခြောက် တပိဿကို ၃၂၀၀ ကျပ်နဲ့ တတန်ကို ၁၉ သိန်းကျပ်ပေးဝယ်မှာဖြစ်ပြီး ခန့်မှန်းခြေ မန်ကျည်းပင်တပင်က မန်ကျည်းကိုင်းကိုခုတ်ပြီး မန်ကျည်ရွက်တွေကို စနစ်တကျ နေလှန်းရောင်းမယ်ဆိုရင် တပင်ကို ၁၂ သိန်းကျပ်ရနိုင်တယ်လို့ အကောင့်ပိုင်ရှင်က ဆိုပါတယ်။ 

မန်ကျည်းရွက်ခြောက်တွေကိုတော့ ထိုင်းနိုင်ငံကိုတင်ပို့ရောင်းချမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စိတ်ဝင်စားသူတွေကို အရင်းနှီးမတည်ပေးမှာ ဖြစ်သလို မြို့နယ်တွေမှာလည်း ကိုယ်စားလှယ်ထားပေးမယ်လို့ ဆိုပါတယ်။ သူရဲ့ ကြေညာဟာ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ပြန်လည်မျှဝေသူ ရောင်းချဖို့မှတ်ချက်ပေးသူ၊ မရောင်းကြဖို့ ကန့်ကွတ်သူတွေကြား ခေတ်စကားနဲ့ပြောရရင် အတော်ကိုပွဲဆူခဲ့တယ်လို့ ဆိုရပါမယ်။ 

နောက်ပိုင်းမှာတော့ မန်ကျည်းရွက်ခြောက်တွေကို ထိုင်းနိုင်ငံကလုပ်ပုံလုပ်နည်းနဲ့ ထိုင်းနိုင်ငံဈေးကွက်တွေကို အကောင့်ပိုင်ရှင်က မျှဝေလာပါတယ်။ ကန့်ကွတ်သူတွေနဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းပြောဆိုမှုတွေကြောင့် မန်ကျည်းရွက်ခြောက်စုဆောင်းမယ့် သူရဲ့လုပ်ငန်းကိုတော့ တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တော့ဘူးလို့ သူကပြောဆိုပြီး တနိုင်တပိုင်ပဲလုပ်တော့မယ်လို့ အခုလ နှောင်းပိုင်းမှာ ပြန်လည်ပြောဆိုလိုက်ပါတယ်။ 

အခုလို ကြေညာတင်တာနဲ့ပတ်သက်ပြီး မန်ကျည်းပင်တပင်ဟာ မန်ကျည်းရွက်ခြောက် ပမာဏ တတန်နီးပါးထွက်ရဲ့လား။ တကယ်ကော ၁၂ သိန်းရနိုင်လား။ မန်ကျည်းပင်တပင်ကို ဘယ်လိုအကျိုးရှိရှိ အသုံးပြုသင့်သလဲ။ အရင်ကကော မန်ကျည်းပင်တွေကို ခုတ်မရောင်းကြဘူးလား။ မန်ကျည်းပင်တပင်က ဘယ်လိုဝင်ငွေတွေရှိနေလဲဆိုတာ ဆွေးနွေးငြင်းခုန်မှုတွေ မြင့်လာကြပါတယ်။ 

 

မန်ကျည်းပင်တပင် အရွက်ခြောက် ၁၂ သိန်းဖိုးရနိုင်မလား

အဝယ်ကြေညာကိုတင်ခဲ့သူကတော့ မန်ကျည်းရွက်ခြောက်လုပ်ယူနည်းကို အကျဉ်းချုပ်အနေနဲ့ ပြောပြထားပါတယ်။ အရွက်များတဲ့ ကိုင်းကိုခုတ်ပြီး နေရိပ်နေရာမှာ မိုးကာနဲ့ ၂ ရက်အုပ်ကာ နေရောင်မထိရဘူးလို့ ဆိုပါတယ်။ နေရောင်ထိသွားတဲ့ အဝါရောင်ကိုမယူသလို သဘာဝကြွေကျနေတဲ့ အရွက်ခြောက်တွေလည်း အကျုံးမဝင်ပါဘူး။ အစိမ်းရောင်မပျက်ခြောက်သွားတာကိုသာ ယူမယ်လို့ ဆိုပါတယ်။

ဝယ်လိုသူက သူရဲ့နည်းစနစ်ဟာ မန်ကျည်းပင်ကိုမထိခိုက်ဘူးလို့ ဆိုပါတယ်။ အနည်းဆုံးတော့ အရွက်အားကောင်းတဲ့ ကိုင်းကိုမဖြစ်မနေခုတ်ရတော့မှာပါ။ ဆိုခဲ့သလို မန်ကျည်းရွက်ခြောက် ပိဿပေါင်းများစွာ ရဖို့အတွက် မန်ကျည်းကိုင်းများစွာကို ခုတ်ပစ်ရမှာပါ။ များများလိုချင်ရင် များများခုတ်ရမှာဖြစ်ပါတယ်။ 

မန်ကျည်းရွက်ခြောက် တပိဿရဖို့အတွက် မန်ကျည်းရွက်စို ပိဿများစွာ လိုအပ်မှာပါ။ ဒီနေရာမှာ ဝယ်ယူမယ့်သူက မန်ကျည်းရွက်ခြောက် တပိဿ ၃၂၀၀ ကျပ်နဲ့ မန်ကျည်းပင်တပင်က ၁၂ သိန်းနီးပါးရမယ်လို့ဆိုပါတယ်။ ၁၂ သိန်းရဖို့အတွက်မန်ကျည်းရွက်ခြောက် ၃၇၅ ပိဿထွက်ရှိမယ်လို့ ဆိုလိုလိုက်သလိုပါပဲ။ 

ဒီနေရာမှာ YEC Environmental Conservation Organization က လူမှုကွန်ရက်မှာ တွက်ချက် ပြထားတာကတော့ လက်ဖက်အစို ၅ ပိဿာနေလှန်းရင်လက်ဖက်ခြောက် ၁ ပိဿ တွက်တာကြောင့် မန်ကျည်းရွက်ခြောက် ၁ ပိဿရဖို့အတွက် မန်ကျည်းရွက်အစို ၅ ပိဿလိုအပ်မယ်လို့ ဆိုပါတယ်။

မန်ကျည်းရွက်ခြောက် ၃၇၅ ပိဿရဖို့ မန်ကျည်းရွက်အစိုပေါင်း ၁၈၇၅ ပိဿလိုအပ်မှာ ဖြစ်တဲ့အတွက် မန်ကျည်းပင်တပင်မှာ အရွက်ပမာဏအဲ့လောက်ရှိမရှိနဲ့ အရွက်ပမာဏအဲ့လောက်ရဖို့အတွက် မန်ကျည်းကိုင်းဘယ်လောက်ထိ ခုတ်ယူရမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ 

“မန်ကျည်းရွက်အနုအစို တပိဿာရဖို့ဆိုရင်တောင် အများကြီးခူးရတာ။ အနိမ့်ဆုံး ကျန်ကျောင်း ကြွပ်ကြွပ်အိတ်ကြီးနဲ့ အပြည့်ခူးရတယ်။ အခြောက်တပိဿာဆိုရင် အဲ့လိုအိတ်သုံးအိတ်လောက် ခူးရမလားပဲ။ ဒီတော့ မန်ကျည်းတပင်လုံး ယူလိုက်မှ အခြောက် ဘယ်နှစ်ပိဿရမလဲ။” လို့ အညာဒေသခံ တဦးက မေးခွန်းထုတ်ပါတယ်။

အလားတူ မန်ကျည်းပင်ပိုင်ရှင်အမျိုးသမီးတဦးကလည်း တပင်လုံး ခုတ်ယူမှ မန်ကျည်းရွက်ခြောက် ၁၀ ပိဿရဖို့မလွယ်ဘူးလို့ မှတ်ချက်ပြုပါတယ်။ မန်ကျည်းသီးကို နှစ်တိုင်းခူးရောင်းတာက ပိုလို့ တွက်ခြေကိုက်ပြီး လက်တွေကြတယ်လို့ ဆိုပါတယ်။

 

မီးခိုးမထွက်တဲ့စီးပွားရေး ပြည်ပပို့ကုန်မန်ကျည်းသီး

သဘာဝပတ်ဝန်းကျင်အခြေပြုနဲ့ ဟိုတယ်ခရီးသွားလုပ်ငန်းတွေကို နိုင်ငံတနိုင်ငံရဲ့ မီးခိုးမထွက်တဲ့ စီးပွားရေး ဆိုပြီး တင်စားပြောကြပါတယ်။ သစ်ပင်တပစ်မခုတ်ရဘဲ စက်ရုံတရုံ မီးခိုးခေါင်းတိုင်တခုက ကာဗွန်ဒိုင်အောက်ဆိုဒ် မထုတ်လွှတ်ရဘဲနဲ့ ငွေဝင်တဲ့လုပ်ငန်းတွေဖြစ်လို့ပါတဲ့။ အဓိကကတော့ သဘာဝန်းကျင်နဲ့ လူမှုဝန်းကျင်တွေကို မထိခိုက်စေတဲ့ လုပ်ငန်းတွေကိုခေါ်ဆိုတာပါ။

အခုလို နည်းပညာနဲ့စက်မှုထွန်းကားနေတဲ့ခေတ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကာဗွန်လျော့ချရေးတွေကို ဦးစားပေး လုပ်ဆောင်ကြသလို ဒီလိုအရေးတွေမှာလည်း ငွေကြေးသုံးစွဲကြပါတယ်။ 

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူပေးနေတဲ့ သစ်တောသစ်ပင်တွေ ရှိနေတဲ့နိုင်ငံတွေကိုလည်း ရှိဆဲသစ်ပင်တွေကို ထိန်းသိမ်းကြဖို့အတွက် နိုင်ငံကြီးတွေကနေ ကာဗွန်ခရက်ဒစ်ဆိုပြီး စာချုပ်တွေချုပ်ဆိုကာ ငွေကြေးထောက်ပံ့တာ ဌာနေတိုင်းရင်းသားတွေအတွက် အခြေပြုလုပ်ငန်းတွေ လုပ်တာတွေကို လုပ်ဆောင်နေကြပါတယ်။ 

အညာက မန်ကျည်းပင်တွေဟာ မီးခိုးမထွက်တဲ့အပြင် တကူးတကထိန်းသိမ်းစိုက်ပျိုး ပျိုးထောင်ရတဲ့ အပင်မျိုးလည်း မဟုတ်ပါဘူး။ အညာမှာအလေ့ကျပေါက်နေသလို ပျိုးထောင်စိုက်ပျိုးရလွယ်တာ အကြမ်းခံတဲ့နေရာမှာလည်း သူမတူပါဘူး။ အရိပ်ရနှစ်ရှည်ပင်ဖြစ်သလို နှစ်ပေါင်းရာချီနေနိုင်တဲ့အပင် ကြီးမျိုးပါ။ 

မြန်မာနိုင်ငံမှာ မန်ကျည်းပင်တွေကို အဓိကအားဖြင့် ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ မိထ္တီလာ၊ ပုပ္ပါး၊ မကွေးတိုင်းထဲက မြို့အချို့၊ ပဲခူးတိုင်းအနောက်ခြမ်းမှာဆိုရင် ပြည်၊ သဲကုန်း၊ ပုတီးကုန်း နဲ့ အခြားမြိုတွေမှာလည်း ထွက်ပါတယ်။ ကျောက်ပန်းတောင်းက အများဆုံးထွက်ပြီး အသားထူတဲ့အတွက် ဝယ်လက်များသလို ပြည်ပပို့ရာမှာ အဓိကဖြစ်ပါတယ်။ 

မန်ကျည်းသီးမှည့်ကို အစေ့ထုတ်ပြီးသား အသားချည်းပဲကို လေးထောင့်ပုံသဏ္ဍာန်စက်နဲ့ဖိပြီး သေချာထုပ်ပြီးမှ ပြည်ပကိုပို့ကြပါတယ်။ တချို့ကလည်း အစေ့ပါအပါ ဝယ်ယူကြတာရှိပါတယ်။ 

မန်ကျည်းမှည့်ကို အဓိကဝယ်ယူနေတဲ့နိုင်ငံတွေကတော့ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ်၊ တရုတ်၊ စင်ကာပူ၊ ထိုင်း တို့က ပုံမှန်ဝယ်ယူနေတာပါ၊ ဒီအထဲမှာ အများဆုံးဝယ်ယူ သူအနေနဲ့ ပါကစ္စတန်က နှစ်စဉ် တန်ချိန် ၅၀၀ လောက်ဝယ်ယူနေတာဖြစ်ပြီး အခုနှစ် ၂၀၂၃ ခုနှစ်မှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ ဒူဘိုင်းကနေ မန်ကျည်းသီးမှည့်တန်ချိန် ၅၀၀ ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုတယ်လို့ UMFCCI ဆီက သိရပါတယ်။ 

မန်ကျည်းမှည့်အစေ့အပါ တတန်ကို အမေရိကန်ဒေါ်လာ ၄၀၀ မှ ၆၀၀ ကြားပေါက်နေတာပါ။

ဒါ့အပြင် မန်ကျည်းမှည့်ကို ပြည်တွင်းထဲမှာလည်း မီးဖိုချောင်သုံး၊ ဆေးဝါးသုံး၊ မုန်လုပ်ငန်းသုံးဖို့တွေအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုတာပါ။ မန်ကျည်းမှည့်တပိဿကို အစေ့အကျော မထုတ်ရသေးဘဲ ယခုနှစ်ပေါက်ဈေးဟာ တပိဿကို ၁၆၀၀ နဲ့ အစေ့အကျောထုတ်ပြီး အနှစ်အသားချည်းကို တပိဿ ၂၅၀၀ ကျပ်ကနေ ၃၀၀၀ ထိပေါက်ဈေးရှိတယ်လို့ ဒေသတွင်း ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

အရွယ်ရောက်ပြီး မန်ကျည်းပင်တပင်ဟာ မန်ကျည်းသီးမှည့်ပိဿချိန် ၂၀ နဲ့ ၃၀ ကြားတွက်ရှိတာကြောင့် စုစုပေါင်းဆိုရင် မန်ကျည်းပင်တပင်ရဲ့ မန်ကျည်းမှည့်ဝင်ငွေဟာ တနှစ်ကို ၄၈၀၀၀ လောက် ဝင်ငွေရှိနေတာပါ။ ဒါဟာ မန်ကျည်းရွက်ခြောက် ၁၅ ပိဿရဲ့ ဝင်ငွေနဲ့ညီမျှပါတယ်။ ဒီတွက်ချက်မှုမှာ မန်ကျည်းရွက်နုနဲ့ မန်ကျည်းသီးစိမ်းခူးယူရောင်းချတာ မပါသေးပါဘူး။

“ကျနော်တို့တော့ မန်ကျည်းနဲ့ပဲ အလုပ်လုပ်စားလာတာကြာပြီ။ သူကနှစ်ရှည်ဝင်ငွေရနေတာပါ။ မန်ကျည်းပင်ပိုင်ရှင်တွေအတွက် ဘာမှကိုလုပ်စရာမလိုဘဲ အိတ်ထဲငွေတင်တာ၊ လာခူးတာကအစ ပွဲရုံရောက်တဲ့အထိ အပင်ပိုင်ရှင်က ဘာမှလုပ်စရာမလိုဘူး၊” လို့ ကျောက်ပန်းတောင်းက မန်ကျည်းမှည့်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တပင်ကို တနှစ်ဝင်ငွေ ၄ သောင်းနီးပါးရတဲ့အတွက် ၅ ပင်နဲ့ ၁၀ ပင်ကြားပိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ နှစ်စဉ်ဝင်ငွေ ၂ သိန်းနဲ့ ၃ သိန်းကြား ရနေလို့ စုဗူးသဘောမျိုးတောင်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

ရုပ်နာမ်နှစ်ပါးလုံးနဲ့ အကျိုးပြုနေတဲ့ မန်ကျည်းပင်

မန်ကျည်းပင်ဟာ ရုပ်ပစ္စည်းအရကို လူမှုစီးပွားဝန်းကျင်အတွက် ကောင်းကျိုးအထွေထွေပြုပေးနေတဲ့ သစ်ပင်လို့ ဆိုရပါမယ်။ မန်ကျည်းအမြစ်၊ အနှစ်အသား၊ အခေါက်၊ အရွက်၊ အသီး၊ အစေ့ နဲ့ ကိုင်းခြောက် ကိုပါ ဘယ်အရာမှ လွှင့်မပစ်ရတဲ့အပင်ပါ။ 

စီးပွားရေးအရ တွက်ချက်ကိုက်မှုကို အပေါ်မှာတွက်ချက်ပြခဲ့သလို ကျန်းမာရေးရှုထောင့်အရ ဆေးဝါးအဖြစ် အသုံးပြုတာမှာလည်း များစွာ အကျိုးပြုတယ်လို့ တိုင်းရင်းဆေးဆရာ ဆရာဇော်ဂျီသစ်က ဆိုပါတယ်။ 

မန်ကျည်းပင်ရဲ့ အသီးအပွင့်အခေါက်နဲ့အမြစ်ကို ဆေးဖက်ဆိုင်ရာမှာသုံးစွဲကြပြီး ကုသပျောက်ကင်း နိုင်တဲ့ ရောဂါများစွာနဲ့ ကိုယ်ခံအားကောင်းစေတာအပြင် မန်ကျည်းမှည့်ကိုနေ့စဉ် သင့်တင့်ယုံစားပေးခြင်းဖြင့် ရောဂါတချို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

“မန်ကျည်းသီးကို မြန်မာအပါအဝင် ကမ္ဘာအနှံ့အပြား သုံးစွဲကြပါတယ်။ နောက်တခုက  သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝဆိုင်ရာဆက်သွယ်မှုထဲမှာ မန်ကျည်းပင်ရဲ့  ရုပ်ပိုင်းဆိုင်ရာ အထောက်အကူပြုမှုနဲ့ အရေးပါမှုတွေကို တန်ဖိုးထားတွက်ချက်ရမှာဖြစ်ပါတယ်။” လို့ ဆရာဇော်ဂျီသစ် ကဆိုပါတယ်။

အိန္ဒိယနိုင်ငံ ဟင်းလျာတိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် မန်ကျည်းမှည့်ကို မပါအဖြစ် အသုံးပြုပါတယ်။ ဒါ့အပြင် အိန္ဒိယတိုင်းရင်းဆေးနဲ့ အာဖရိကတိုင်းရင်းဆေးတွေမှာ မန်ကျည်းမှည့်ကို အသုံးများတယ်လို့ သိရပါတယ်။ မန်ကျည်းရွက်ဟာငှက်ဖျားရောဂါအတွက်လည်း အသုံးပြုတယ်လို့ ဆိုပါတယ်။

မန်ကျည်းပင်ကို အင်္ဂလိပ်အမည်အားဖြင့် Tamarind ဟုခေါ်ဆိုပြီး သိပ္ပံအမည်မှာ Tamarindus indica ခေါ်ပါတယ်။ မျိုးရင်းအုပ်စုမှာ Fabaceae အုပ်စုတွင်ပါဝင်ပြီး မူရင်း အပင်ပေါက်ရာဒေသမှာ အာဖရိက ဖြစ်ပြီး ယခုအခါ ပျံနှံ့မျိုးစိတ်အဖြစ် ပေါက်ရောက်နေသလို အပူပိုင်းဒေသတွေမှာ အများစုပေါက်ရောက်တယ် လို့ သစ်တောကျောင်းဆင်းတဦးက ဆိုပါတယ်။ 

အမြင့်ပေ ၈၀ လောက်အထိရှိတတ်ပြီး အမြင့်ပေ ၁၀ ပေလောက်ရောက်ဖို့ မြေအမျိုးအစားနဲ့ ရာသီဥတုအပေါ်မူတည်ကာ ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာတယ်လို့ ဆိုပါတယ်။ အပူဒဏ်သက်သာဖို့နဲ့ မုန်တိုင်းဒါဏ်ကာကွယ်ဖို့ စိုက်ပျိုးကြတယ်လို့ ပြောပါတယ်။

“မန်ကျည်းပင်က အစားအစာအတွက်သာမက အခြားအပင်များ အသက်ရှင်နိုင်ရေး မြေဩဇာဖြည့်စွမ်းပေးပါတယ်။ သက်ရှိများအတွက်လည်း အရေးပါတဲ့ ဆေးဖက်ဝင်အပင်ပါ။ မန်းကျည်းပင်က ကြီးထွားနှုန်းကြာတဲ့အတွက် ခုတ်မရောင်းသင့်ပါ။” လို့ သစ်တောကျောင်းဆင်းတဦး ကဆိုပါတယ်။

အလားတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစာရေးဆရာ အယ်ဒီတာမင်းချစ်နိုင် ကလည်း ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်အရ ဖောက်ပြန်လွန်းတဲ့ရာသီဥတုအခြေအနေမှာ အပင်တွေ အများကြီးလိုအပ်နေပါပြီး အပူပိုင်း အညာဒေသမှာဆိုရင် ပိုလိုအပ်တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် အပင်တိုင်းမရှင်သန်နိုင်တဲ့အခြေအနေတွင် ဒေသအပင်လည်းဖြစ် အကြမ်းလည်းခံ အရိပ်လည်းပေး ဆေးဖက်လည်းဝင်တဲ့ မန်ကျည်းပင်တွေကို ခုတ်မပစ်သင့်ဘူးလို့ ဆိုပါတယ်။

“မန်ကျည်းပင်ပဲကွာ၊ ဆုံးရှုံးသွားလို့ ဘာအရေးလဲ။ မတွေးနဲ့၊ မလုပ်နဲ့။ မန်ကျည်းဟာ အညာရဲ့ အမှတ်တံဆိပ်ထဲမှာပါတယ်။ တမာ ထနောင်း ထန်းပင်တွေလိုပဲ၊ အညာနဲ့မန်ကျည်းက ခွဲလို့မရပါဘူး။”လို့ ဆရာမင်းချစ်နိုင် ကဆိုပါတယ်။

 

အညာရဲ့အရိပ် အညာရဲ့အတိတ်

“နွေထနောင်း၊ ဆောင်းမန်ကျည်း” ရယ်လို့ ဆိုရိုးစကားတခုရှိခဲ့ပါတယ်။ အညာနဲ့ပတ်သက်ရင် နွေရာသီမှာ ထနောင်းပင်၊ ဆောင်းရာသီမှာတော့ မန်ကျည်းရယ်ဆိုပြီး အရိပ်ခိုစရာအားကိုးရာ အပင်တွေအဖြစ် သတ်မှတ်ခဲ့တာပါ။ 

ထနောင်းပင်နဲ့ မန်ကျည်းပင်ရဲ့အရွက်တွေက အရွက်သေးသေးစိပ်စိပ်လေးတွေဖြစ်တော့ နေပြောက်မထိုး၊ မိုးမယိုနိုင်ပဲ အရိပ်ကိုပေးပါတယ်။ အပင်ကြီးမျိုးဖြစ်တော့ အုံ့ဆိုင်းပြီး အမိုးအကာလို လုံခြုံနေစေပါတယ်။ နွေရာသီမှာတော့ ထနောင်းရိပ်ကိုဝင်လိုက်ရင် အေးနေစေပြီး ဆောင်းမှာတော့ မန်ကျည်းပင်ရိပ်အောက်ကို ဝင်လိုက်ရင် နွေးသွားတယ်လို့ ဆိုပါတယ်။ 

“အညာဒေသ မန်ကျည်းပင်ဝိုင်းအရိပ်အောက်မှာ ဆော့ကစားဖူးခဲ့သူမို့ မန်ကျည်းပင်အရိပ်တန်ဖိုးကို ကောင်းကောင်းသိခဲ့သူပါ။ မန်ကျည်းပင်ကိုလတ်တလောငွေရဖို့ အတွေးတွေနဲ့ရောင်းခဲ့ရင်ဖြင့် အညာဟာ သိပ်မကြာခင်ဖတ်ဖူးတဲ့စာတွေထဲကလို သဲကန္တာရအမြန်ဖြစ်သွားမလားတွေးရင်း စိုးရိမ်မိလာလို့ မန်ကျည်းပင်ခုတ်ပြီး အရွက်ရောင်းမယ့် အစီအစဉ်တွေကို တားချင်ပါတယ်။” လို့ သစ်ပင်ချစ်သူ အမျိုးသမီးက မန်ကျည်းရွက်ရောင်းကြမယ့် အစီစဉ်ကို တားပါတယ်။

ဒုတိယကမ္ဘာစစ်ဒဏ်ကို မန်ကျည်းပင်တွေလည်းခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ နောက်တခါ ပုဂံခေတ်ကတည်းက မန်ကျည်းပင်တွေဟာလည်း အခုထိ သက်ရှိထင်ရှားရှိနေတယ်လို့ သိရပါတယ်။ မန်ကျည်းပင်တန်းတွေမှာ အတိတ်ကသမိုင်းတွေများစွာ ရှိနေပါတယ်။ လက်ရှိကာလမှာလည်း အညာကမန်ကျည်းပင်တန်းတွေအောက် ကျဆုံးသွားကြတဲ့ ကာကွယ်ရေးရဲဘော်တွေရဲ့ အသက်ဝိညဉ်တွေဟာ ကပ်ညှိနေပါတယ်။

နောက်တခုအနေနဲ့ကတော့ အညာက သာသနိကအဆောက်အအုံနဲ့ ဘုန်းတော်ကြီးကျောင်းအများစုဟာ မန်ကျည်းပင်ကြီးတွေ မန်ကျည်းဝိုင်းတွေနဲ့အနီးဆုံးမှာ တည်ဆောက်ပြီး အရိပ်အာဝါသရနဲ့လေဒဏ် မိုးဒဏ်ကိုကာကွယ်ခဲ့ကြတယ်လို့ အညာကလူကြီးတွေက ဆိုပါတယ်။

“မန်ကျည်းပင်အုပ်တွေရှိတဲ့နေရာဆို ရှေးရွာဟောင်းတွေဖြစ်နေတတ်တယ် ၊သမိုင်းလက္ခဏာတွေရှိတယ်။” လို့ ချောက်မြို့ခံ ရှေ့မီနောက်မီသက်ကြီးအမျိုးသားတဦးက ပြောပါတယ်။

မန်ကျည်းပင်တွေမရှိရင် ကျောက်ပန်းတောင်း ဆိုတာမရှိနိုင်တော့သလို ပုပ္ပါးတဝိုက်က ရွာတွေဟာလည်း အရိပ်လည်းပျောက် ရွာလည်းပျောက်သွားကြလိမ့်မယ်လို့ ပြောကြပါတယ်။

“အညာဒေသရဲ့ ကာကွယ်ရေးသူရဲကောင်းတွေကို သတ်ပစ်လိုက်ဖို့ မသင့်ပါဘူး။ ဘာမဟုတ်တဲ့ ငွေကြေးနဲ့ ကိုယ့်လည်ပင်းကို ကိုယ်ကိုယ်တိုင် ကြိုးကွင်းစွပ် သတ်တာမျိုး မလုပ်သင့်ပါဘူး။ ငွေကတော့ လိုချင်သူ လိုနေသူတွေချည်းပါပဲ။ ဒါပေမယ့် အသိတရားနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လိုပါတယ်။” လို့ စာရေးဆရာမင်းချစ်နိုင်က ဆိုပါတယ်။

 

ခုတ်ရောင်းကြဖို့တန်ရဲ့လား

မြန်မာနိုင်ငံသားတွေရဲ့ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံရဲ့ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ၂၀၂၀ ခုနှစ် မတ်လက ယူနက်စကို ကိုတင်သွင်းခဲ့ဖူးပါတယ်။ ပြည်လည်ထည့်သွင်းရေးသားမယ့်အချက်အလက် အချို့လိုအပ်နေလို့ ပြန်ရေးပေးဖို့ အကြောင်းပြန်ကြားတဲ့အတွက် ပြန်လည်ရေးသားနေဆဲပါ။

တချို့သက်ရှိသက်မဲ့ပစ္စည်းတွေမှာတော့ မျက်မြင်နဲ့တင် တန်ဖိုးဖြတ်လို့မရနိုင်တဲ့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ အကျိုးပြုမှုဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်တွေကို အစဉ်ဆက်မပြတ် အကျိုးပြုနေတာတွေက ငွေကြေးတခုနဲ့ ကြေးဖြတ်လို့မရနိုင်တာကို တွေ့ရပြန်ပါတယ်။

ဒါကြောင့်ပဲ ရှေးဟောင်းအမွေအနှစ်ဆိုပြီး ဥပဒေတွေထုတ်လို့ အစိုးရတွေ၊ ကမ္ဘာနဲ့ချီတဲ့ အဖွဲ့အစည်းတွေက ထိန်းသိမ်းနေကြရတာ မဟုတ်လား။ ဒီဟာတွေကပဲ နိုင်ငံတနိုင်ငံမှာ မီးခိုးတိတ်စီးပွားရေးလုပ်ငန်းတွေအဖြစ် ငွေရှာဖွေနိုင်တဲ့ အရာတွေအဖြစ် တခုတ်တရ တင်စားဂရုစိုက်နေကြတာပါ။

“ပဒေသာပင်ကြီးလိုရာသီအလိုက် ဝင်ငွေရနေကြတာထက် ခုခဏလေးသုံးဖို့သက်သက် ငွေရတာနောက်လိုက်မယ်ဆိုရင် တနေ့ရွှေဥတလုံးတလုံးပေးနေတဲ့ ငန်းကိုသတ်ပြီး ရွှေဥရှာတဲ့လူမိုက်တွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ စဥ်းစားချင့်ချိန်နိုင်ကြပါစေ။” လို့ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တဖွဲ့ရဲ့ ဦးဆောင်သူလည်းဖြစ် စာရေးဆရာလည်းဖြစ်သူ မင်းဟန်သစ်က ပြောပါတယ်။

ဈေးရောင်းဈေးဝယ်လောကမှာတော့ ကြိုက်ရောင်းကြိုက်ဝယ်၊ တန်ရာတန်ကြေးဆိုတာကို ပြောဆိုကြပါတယ်။ ကုန်ပစ္စည်းတခုခုကို ကြေးဖြတ်ကြတဲ့အခါ ပေးလိုက်ရတဲ့ငွေ ဒါမှမဟုတ် ရလိုက်တဲ့ငွေနဲ့ ပေးလိုက်ရမယ့်ပစ္စည်း ရမည့်ပစ္စည်းတွေဟာ တန်ရဲ့လား ဆိုတာကို မေးကြလေ့ရှိပါတယ်။ 

စာရေးဆရာမင်းချစ်နိုင်ကလည်း “မန်ကျည်းတပင်ဖြစ်ဖို့ ဘယ်လောက်စောင့်ခဲ့ရလဲ။ အဲ့အချိန်နဲ့ဒီလောက်ငွေလေး ရလိုက်တာ တန်ရဲ့လား။ ငွေရပြီး ကိုယ်တွေ ဆုံးရှုံးလိုက်ရတာ တန်ရဲ့လား၊ ဒီအသိနဲ့ တွေးတော စဥ်းစားဖို့လိုတယ်။” လို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဓါတ်ပုံ - ဝေလင်း

#မြေလတ်အသံ

#Analysis #ဆောင်းပါး #သဘာဝပတ်ဝန်းကျင် #လူမှုပတ်ဝန်းကျင် #မန်ကျည်းပင် #စိုက်ပျိုးရေး #အညာ #မန္တလေး #စစ်ကိုင်း #ပြည်ပပို့ကုန် #ဈေးကွက် #ကျန်းမာရေး #ယဉ်ကျေးမှု #ကာဗွန်ဒိုင်အောက်ဆိုဒ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10