မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

စစ်ကောင်စီခေါင်းဆောင်တွေကို ဝေဖန်လို့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် ဗျူဟာကို အင်းစိန်ထောင်တွင်းတရားရုံးက ဒီနေ့ ဩဂုတ် ၂၃ ရက် မနက်ပိုင်းမှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အဆိုတော် ဗျူဟာ ဟာ ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တောက်တာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလ ၂၃ ရက် ညပိုင်းက ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်တွေကို ဝေဖန်ခဲ့ပြီးတဲ့နောက် ၎င်းရဲ့ မြောက်ဒဂုံမြို့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၃ လနီးပါးအကြာမှာ အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

"ဒီနေ့ပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့်ချတာပါ။ ထောင်ဒဏ် နှစ် ၂၀ ပါ။ အထဲမှာ ကျန်းမာရေးကောင်းပါတယ်။ မိသားစုနဲ့ တွေ့ခွင့်မပေးဘူး"လို့ အင်းစိန်းဗဟိုအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ခေါင်းဆောင်တွေကို ဝေဖန်ခဲ့တဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄ (က) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး အခုလို အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခဲ့တာပါ။

အဆိုတော်ဗျူဟာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဗျူဟာရဲ့ဇနီးဖြစ်သူကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ အတည်ပြုရေးသားထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ စစ်အာဏာသိမ်း ပြီးနောက် ဩဂုတ် ၂၁ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသူ ၂၄၀၀၀ ကျော်ရှိ ပြီး အဲ့ဒီထဲက ၇၁၄၉ ဦး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အဆိုတော် #ဗျူဟာ #ထောင်ဒဏ် #ချမှတ် #ထောင်တွင်းတရားရုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10