မီးဘေးသင့်ပြည်သူ ၃၀၀၀ ကျော်အတွက် အိမ်အလုံးရေ ၆၀၀ လှူတန်းပြီးစီး
စစ်ကိုင်းတိုင်းထဲက မီးဘေးသင့်ပြီး နေစရာအိမ်မရှိတော့တဲ့ ပြည်သူတွေအတွက် အိမ်လှူတန်းနေတာ ဒီကနေ့ဆို အလုံးရေ ၆၀၀ ပြည့်သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက လှူတန်းနေတာဖြစ်ပြီး အိမ်အလုံးရေ ၁၀၀၀ ဆောက်လုပ်ဖို့ ရည်ရွယ်ထားကာ အခုဆိုရင် အရာတော်၊ ဒီပဲယင်း၊ ရွှေဘို၊ ရေဦး ၄ မြို့နယ်မှာ အိမ်အလုံးရေ ၆၀၀ ဆောက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
“တအိမ်ကို ၂ ခန်းပါလို့ လူ ၅ ယောက်ကတော့ ကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ မိသားစုဦးရေကိုကြည့်ပြီး ၃ ခန်းမှလောက်တယ်ဆို ၁ ခန်းကတော့ သူတို့စိုက်ပေါ့။ ကျတော်တို့ကတော့ အခန်း၂ ခန်းနဲ့ အိမ်တလုံး အခမဲ့ဆောက်ပေးတယ်။” လို့ S&C တာဝန်ခံက ပြောပါတယ်။
အိမ်တလုံးကို ဆောက်လုပ်စက ၂ သိန်းကုန်ကျပေမယ့် အခုနောက်ပိုင်းမှာတော့ ဝါးဈေးတွေတက်လာတဲ့အပြင် လမ်းခရီးစရိတ်နဲ့ ကုန်ဈေးနှုန်းတက်လာတာတွေကြောင့် ၂ သိန်း ၃ သောင်းထိ ကုန်ကျလာတယ်လို့ ဆိုပါတယ်။
အိမ်အမိုးအဖြစ်သုံးတဲ့ ထန်းလက်ရှားပါးမှု အခက်ခဲလည်း ကြုံနေရကာ ရပ်ဝေးက ရွာတွေအထိပါ သွားရောက်ခုတ်ယူနေရတဲ့အတွက် အချိန်ကြာပြီး အိမ်ဆောက်လုပ်မှုမှာတော့ ကြန့်ကြာသွားတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒါ့အပြင် သင်္ကြန်တွင်းမှာလည်း အဆိုပါမြို့နယ်ထဲက အသက် ၇၀ ကနေ ၁၀၀ ကျော်ရှိတဲ့ အဖိုးဖွားတွေအတွက် သက်ကြီးပူဇော်ပွဲတွေ ကျင်းပဖို့စီစဉ်နေပြီး အသက် ၁၀၀ ကျော် အဖိုးဖွားကတော့ ၆ ဦးလောက် ပါဝင်တယ်လို့လည်း သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share