မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation

မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက မီးရှို့ခံထားရတဲ့ ကျေးရွာတခုကို 96 DoNation-စစ်ရှောင်ပရဟိတ အဖွဲ့က အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော် လှူဒါန်းပေးခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းထိုးမီးရှို့ခံလိုက်ရတဲ့ ရွှေဘိုမြို့နယ်ထဲက ရွာတရွာကို ဇွန် ၁၁ ရက်မှာ အိမ်ထောင်စုတစုကို ၃ သိန်း ၈ သောင်းကျပ်နှုန်းနဲ့ လှူဒါန်းပေးခဲ့တာလို့ 96 DoNation-စစ်ရှောင်ပရဟိတ တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

" သူတို့ဒီကာလမှာ ဒီလောက်များတဲ့ ငွေပမာဏကို မရဖူးသေးဘူးပေါ့နော်။ တခါရလည်း ဆန်တအိတ်၊ ငွေနှစ်သောင်း အဲ့လိုအခြေအနေလေးတွေပဲရှိတော့ ၃သိန်း၈သောင်းဆိုတာက သူတို့အတွက် ယာယီကောင်းကောင်းမွန်မွန်နေလို့ရမယ့် ယာယီအဆောက်အအုံတခုကို ဆောက်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီးတော့ ဝမ်းသာကြတယ်" လို့ တာဝန်ခံအမျိုးသမီးက ပြောပြပါတယ်။

အဲ့ဒီအပြင် စစ်ကြောင်းထိုးမီးရှို့ခံရချိန်မှာ သတ်ခံလိုက်ရသူတွေရဲ့ အမျိုးသမီးတွေက " သတ်ခံရတဲ့ အခြေအနေတွေကို သူတို့ပြန်ပြောပြပြီးတော့ ငိုကြတယ်။ ကျေးဇူးလည်းတင်တယ်၊ သူတို့ဝမ်းလည်းနည်းတယ်။ အဲ့လိုအခြေအနေလေးတွေ ရှိခဲ့တယ်။" လို့ ဆက်ပြောပါတယ်။

အဲ့ဒီရွာက အခုနှစ် ၄ လပိုင်း ၆ ရက်က စစ်ကြောင်းထိုးမီးရှို့ခံရလို့ ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေက ဆွေးမျိုးနီးစပ်တွေဆီမှာ မှီခိုနေထိုင်ကြသူတွေရှိသလို နီးစပ်ရာစစ်ရှောင်စခန်းတွေမှာသွားနေကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

အခုလှူဒါန်းငွေတွေဟာ နိုင်ငံတကာကအလှူရှင်တွေရဲ့ ပါဝင်ပံ့ပိုးမှုနဲ့ 96 DoNation-စစ်ရှောင်ပရဟိတက တဆင့် စစ်ဘေးရှောင်တွေအတွက် လှူဒါန်းပေးခဲ့တာလို့ ပြောပါတယ်။

စစ်ရှောင်ပရဟိတအဖွဲ့ကို ၂၀၂၂ ခုနှစ်မှာကတည်းက ဖွဲ့စည်းပြီးလှူဒါန်းနေခဲ့ပေမယ့် အခုနှစ် ဖေဖော်ဝါရီလမှာ စတင်းပြီး 96 DoNation-စစ်ရှောင်ပရဟိတ အနေနဲ့ လှူဒါန်းခဲ့ပြီး ရှေ့ဆက်လည်း မီးဘေးသင့်နဲ့ စစ်ရှောင်တွေအတွက်လိုအပ်တာတွေ ဆက်လုပ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ဘေးရှောင် #96Donation #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10