မီးလောင်ပျက်စီး ဆီသယ်ယာဉ်ကို လုံခြုံရေးယူနေတဲ့ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မီးလောင်ပျက်စီး ဆီသယ်ယာဉ်ကို လုံခြုံရေးယူနေတဲ့ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၃ ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့အနီးက မီးလောင်ပျက်စီးသွားတဲ့ ဆီသယ်ယာဥ်မှာ လုံခြုံရေးအစောင့်ကျနေတဲ့ ရဲ ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Soul Takers - Yangon Underground Force အဖွဲ့ထံက သိရပါတယ်။

ပစ်ခတ်ခံရသူမှာ ပြွန်တန်ဆာရဲစခန်းမှ အသက် ၂၀ နှစ်ဝန်းကျင်ရှိ ရဲတပ်သား ဇင်မင်းခန့် ဆိုသူဖြစ်ပြီး စက်တင်ဘာ ၃ ရက် မနေ့ ညနေ ၄ နာရီကျော်အချိန်က ဆီဘောက်ဆာအပျက်မှာ လုံခြုံရေးအစောင့်ကျနေချိန် အနီးကပ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သူက ယူနီဖောင်းဝတ်၊ လက်နက်အပြည့်အစုံနဲ့ ရှိနေချိန် ဆိုင်ကယ်နဲ့အနားကပ်ပြီး ခေါင်းကိုတေ့ပစ်ခဲ့တာ၊ တချက်ပဲ။ ပစ်ခတ်တဲ့အချိန် ကျန်တဲ့ရဲတွေလည်းရှိနေတယ်"လို့ Soul Takers - Yangon Under ground Force ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဦးခေါင်းကို ပစ်ခတ်ခံရလို့ အဆိုပါ ရဲတပ်သားဟာ သေဆုံးသွားကြောင်း ပြန်သိရပြီး ကျန်ရဲတွေ ပြန်လည်မပစ်ခတ်နိုင်ခင် ဆိုင်ကယ်ကို အမြန်မောင်းပြီး အထိအခိုက်မရှိ ထွက်လာနိုင်တယ်လို့ဆိုပါတယ်။

ဆီဘောက်ဆာတွဲကားဟာ ဩဂုတ် ၂၇ ရက်နေ့လယ်ပိုင်းမှာ ယာဉ်တိမ်းမှောက် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ပြီးနောက် အဆိုပါဆီသယ်တွဲကားအပျက်ကို အဲ့ဒီနေ့ကစလို့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက လုံခြုံရေးယူပေးနေတာလို့ သိရပါတယ်။

"မီးလောင်တဲ့ဘောက်ဆာကားက စကစနဲ့ ဆက်စပ်တဲ့ လေယာဉ်ဆီတင်တဲ့ ဘောက်ဆာကားလို့ သိရတယ်။ မီးလောင်တဲ့နေ့ကမှစပြီး အဲ့ဒီနားမှာ လုံခြုံရေးချထားတာ ။ အရင်အဲ့ဒီနားမှာ ရဲလုံခြုံရေးမရှိဘူး" လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကလည်း ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရွှေကျင်ရဲစခန်းလက်အောက် နယ်ထိန်းရဲ ၁ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဩဂုတ် ၂၇ ရက်က ပြွန်တန်ဆာမြို့၊ ပင်းတလဲကွေ့အနီး တိမ်းမှောက်မီးလောင်နေသည့် ဆီသယ်ယာဉ်အား တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ပြွန်တန်ဆာ #လေယာဉ်ဆီ #ဘောက်ဆာကား #လုံခြုံရေးရဲ #ပစ်သတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10