မီးလောင်ပြင်က အိမ်အလှူတော်

မီးလောင်ပြင်က အိမ်အလှူတော်

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အညာဒေသ မီးလောင်ပြင်တွေမှာ တဲအိမ်ကလေးတွေ အစီအရီ မြင်တွေ့လာရပါပြီ။

ထန်းလက်ကို အမိုးလုပ် မီးလောင်သွပ်တွေကို ကာပြီး ဆောက်ထားတဲ့ တဲအိမ်လေးတွေအညာဒေသအချို့က မီးလောင်ပြင်တွေမှာ မြင်တွေ့လာရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကို အများဆုံးခံရတာ စစ်ကိုင်းတိုင်းပါ။ Data For Myanmar ရဲ့ စောင့်ကြည့် တွက်ချက်မှုတွေအရ အာဏာသိမ်းစကနေ ၂၀၂၃ ဖေဖော်ဝါရီလထိ စစ်ကိုင်းတိုင်းမှာ မီးလောင်ပျက်စီးရတဲ့ နေအိမ် လေးသောင်းခွဲနီးပါး ရှိလာနေပါပြီ။

နေအိမ်တွေ မီးရှို့ခံရလို့ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ အနည်းဆုံး နှစ်သိန်းခွဲ ရှိပါတယ်။

မီးရှို့ခံလိုက်ရတဲ့ ဒေသခံတွေဟာ မီးလောင်ပြာကျသွားတဲ့ အိမ်နေရာဟောင်းမှာပဲ သွပ်တွေတုတ်ထောက်ပြီး အမိုးလုပ် ပုဆိုးစခင်း နေရသူတွေရှိသလို မိုးကာစတွေ ခင်းပြီး နေကြသူတွေလည်း ရှိပါတယ်။

အခုတော့ S&C အဖွဲ့ရဲ့ အိမ်အလှူတော်လို့ အမည်ပေးထားတဲ့ အဲ့ဒီအိမ်လေးတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဒေသခံရွာတွေကို မီးရှို့လို့ အိမ်မရှိတော့တဲ့ သူအချို့ နေထိုင်ကြပါတယ်။

တောထဲတောင်ထဲမှာ ဖြစ်သလို နေကြသူတွေနဲ့ ရွာဘုန်းကြီးကျောင်းမှာ ကပ်နေရသူတွေလည်း ခုတော့ သွပ်ကာ ဓနိမိုးအိမ်လေးတွေထဲမှာ ပြန်နေကြရပါပြီ။

ဒါက စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့က အဖြစ်အပျက်တချို့သာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အဲ့ဒီလိုအိမ်တွေနဲ့ ပြန်မနေရသေးတဲ့သူတွေ အများကြီးကျန်ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရတဲ့ အိမ်ခြေပေါင်း ၄သောင်း၃ထောင်ကျော် ရှိခဲ့ပြီး နိုင်ငံတဝန်း မီးရှို့ခံရမှု စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းထဲက ဖြစ်တယ်လို့ အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ISP Myanmar က ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကိုစိုးမိုးအောင် ဦးဆောင်တဲ့  S&C ပရဟိတအဖွဲ့ဟာ စစ်တပ်အာဏာမသိမ်းခင် ကာလတွေမှာ နွမ်းပါးသူတွေကို ကူညီထောက်ပံ့ပေးနေတာပါ။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကိုစိုးမိုးအောင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ တဦးအဖြစ် ပါဝင်လာပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်လာပြီးနောက်ပိုင်း ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်တော်လှန်းရေးကို ကူးပြောင်းလာခဲ့ကြပါတယ်။

အဲ့ဒီအချိန်မှာ စစ်တပ်ကို PDF တွေက မိုင်းဆွဲတိုက်ခိုက်တာ လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေမှာ ဒေသခံကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလလောက်မှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျရွာကို စစ်တပ်က ပထမဆုံးအကြိမ် မီးရှို့ခဲ့လို့ ကိုစိုးမိုးအောင်တို့ အဖွဲ့ဟာ မီးဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့ ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီရင်း ပရဟိတအလုပ်ကို ပြန်စတင်ခဲ့တာပါ။

သူတို့အဖွဲ့ဟာ အဲ့ဒီကစလို့ ပရဟိတအလုပ်တွေကို တော်လှန်ရေးကာလအတွင်း နိုင်သလောက် ထောက်ပံ့ကူညီရင်း အိမ်လေးတွေဆောက်ပြီး လှူဒါန်းတဲ့ အခြေအနေအထိ မထင်မှတ်ပဲ ရောက်လာခဲ့ကြပါတယ်။

“အဲ့တုန်းကတော့ အိမ်တွေဆောက်ပေးဖို့ အစီအစဥ်လည်း မရှိသလို၊ ဒီလိုတွေ လုပ်ရမယ်လို့လည်း ထင်မထားဘူး။”

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ရွာလုံးကျွတ်မီးခဲ့လို့ နေစရာမရှိဖြစ်နေရတဲ့ ပြည်သူတွေဟာ တောထဲတောင်ထဲ ဖြစ်သလိုနေခဲ့ကြရတာပါ။

အဲ့ဒီလိုကာလတွေမှာ ကိုစိုးမိုးအောင်တို့ S&C အဖွဲ့အနေနဲ့ မီးရှို့ခံရတဲ့ ရွာတွေကို ကွင်းဆင်းကူညီထောက်ပံ့ရင်း အိမ်တလုံးကို ၂ သိန်းကျော်နဲ့ ဆောက်လို့ရတဲ့ အခြေအနေတခုကို တွေ့ခဲ့ကြပါတယ်။

အဲ့ဒီအခြေအနေကို အလှူရှင်တွေဆီ ပြောပြအလှူခံပြီးတော့ ၂ သိန်းကနေ ၂ သိန်းခွဲဝန်းကျင်ရှိတဲ့ အိမ်လေးတွေကို စပြီးလှူဒါန်းပေးခဲ့တာ အခုဆို အိမ်အလုံးပေါင်း ၃၀၀ ကျော်် ဆောက်လုပ်လှူဒါန်းခဲ့ပြီ ဖြစ်ပါတယ်။

“ကျနော်တို့က ငွေပေးပြီးတော့ ပစ်ထားခဲ့တာမျိုးလည်း မဟုတ်ဘူးဗျ။ သေချာအိမ်ဆောက်ပြီးစီးပြီဆိုတော့မှ အိမ်ရှင်လက်မှတ်ထိုး အပ်ပြီးတော့မှ ပြန်တာပါ” လို့ သူက ဆက်ပြောပါတယ်။

မီးရှို့ခံလိုက်ရတဲ့ ရွာတိုင်းက အိမ်ထောင်စုတိုင်းကတော့ အခုလိုပြန်ဆောက်ပေးတဲ့ အိမ်ကို လိုအပ်နေတာ မဟုတ်ပါဘူး။

မီးရှို့မခံရခင် စီးပွားရေးပြေလည်ပြီး စုဆောင်းထားတာတွေ ယူပြီးပြေးနိုင်တဲ့ အိမ်ထောင်စုတွေကတော့ စိတ်ကြိုက်အိမ်ပြန်ဆောက်ပြီး နေနိုင်ကြသူတွေလည်း ရွာတိုင်းလိုလိုမှာ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်နေကြတဲ့ ဒေသတွေမှာ စစ်ကောင်စီက ရွာတွေကို မီးရှို့တာဟာ နိုင်ငံနဲ့အဝှမ်းမှာ ရှိနေတာပါ။

မီးရှို့ခံရမှု အများဆုံးနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုလောက်ကိုပဲ S&C အဖွဲ့က အိမ်အပါအဝင် စားနပ်ရိက္ခာတွေကို လှူဒါန်းပေးနိုင်ပါသေးတယ်။

တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ် တွေမှာ မီးရှို့ခံရတဲ့ ရွာတွေထဲကမှ အိမ်တိုင်းကို သူတို့ ပြန်ဆောက်ပေးတာမျိုးမဟုတ်ဘဲ အဓိက ဦးစားပေး ဆောက်ပေးရမယ့် သူတွေကိုပဲ ရွေးပြီး ပြန်ဆောက်ပေးနေတာပါ။

“ပထမဦးစားပေးကတော့ ကျန်းမာရေးမကောင်းတဲ့သူတွေကို ဦးစားပေးပါတယ်။ ဒုတိယကတော့ သက်ကြီးရွယ်အိုအိမ်တွေကို ဦးစားပေးတယ်။ အဲ့တာပြီးရင် ကိုယ်ပိုင်လုပ်ငန်းမရှိတဲ့သူ နေ့စားလုပ်ရတဲ့သူမျိုးတွေကို ဦးစားပေးပါတယ်။ ပြီးမှ တောင်သူတွေကို ဦးစားပေး ဆောက်ပေးတာပါ” လို့ ဆိုပါတယ်။

ဦးစားပေး ရွေးချယ်တည်ဆောက်ပေးတယ်ဆိုပေမယ့် ဘယ်သူ့ကိုအရင် ဘယ်သူ့ကိုနောက်မှ ဆိုပြီး ဆောက်ပေးတာမျိုးမဟုတ်ဘဲ အားလုံးကို တကြိမ်တည်းနဲ့အပြီး တည်ဆောက်ပေးတာ ဖြစ်ပါတယ်။

ရွာတရွာမှာ အိမ်လိုအပ်သူ အိမ်ထောင်စု ၁၀ စုရှိရင် ၁၀ လုံးစာ အလှူခံပြီး ပြည့်ပြီဆိုမှသာ အိမ်အားလုံးကို တခေါက်တည်းနဲ့အပြီး ဆောက်လုပ်လှူဒါန်းပေးတာပါ။

“ကျနော်တို့က တန်းတူပဲသွားတယ်။ စာရင်းကောက်လိုက်တယ် ဘယ်လောက်လိုလဲပေါ့။ အရေအတွက် ဒီလောက်လိုတယ်။ အရေအတွက်သိရရင် ကျနော်တို့အနေနဲ့က ပြည့်မီအောင်ရှာပြီးမှ လုပ်ပေးတာ။ ဒီတိုင်းပစ်ထားခဲ့တာမျိုးတော့ ကျနော်တို့ မလုပ်နိုင်ဘူးဗျ။ သူ့ကျရတယ် ကိုယ့်မရဘူး ဆိုတာမျိုးက သူတို့မှာလည်း အားငယ််စိတ်တွေ ပိုပြီးဝင်သွားနိုင်တယ်” 

အဲ့တာကြောင့် ရွာတရွာမှာ တလုံး နှစ်လုံးကစလို့ ရာဂဏန်းထိ လောင်သွားရင်လည်း အိမ်တကယ်လိုအပ်သူ၊ အိမ်ပြန်ဆောက်ပြီး မနေနိုင်သူတွေ ဟုတ်မဟုတ်စီစစ်ပြီး လိုအပ်နေသူတွေအားလုံးကို တပြိုင်တည်း ပြန်ဆောက်ပေးတဲ့ စနစ်နဲ့ လှူဒါန်းပေးနေတာလို့ ဆိုပါတယ်။

အလှူရှင်တွေသာ နောက်မှာ အသင့်ရှိနေရင် သူတို့အတွက် အိမ်ဆောက်ရတာက အချိန်အကြာကြီး မလိုအပ်ပါဘူး။ အိမ် ၁၀ လုံးတဖြတ်ကို ပျှမ်းမျှ ၃ ရက်ဝန်းကျင်ပဲ ကြာတယ်လို့ ဆိုပါတယ်။

“ဒီရွာမှာ ဆောက်နေတုန်းကို နောက်မှာ အလှူငွေလေးတွေ ဝင်နေတာမျိုးတွေ ရှိတယ်။ ဒီရွာပြီးနောက် ရွာပြောင်းရင် တခါတလေကျရင် ဘတ်ဂျတ်က ကွက်တိကျသွားတာမျိုးတွေ ရှိတယ်လေ။ တခါတလေကျရင် မပြည့်တော့ စောင့်ရတာပေါ့။”

 အာဏာသိမ်းစစ်တပ်က လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းထဲက မြို့နယ်တွေကို အင်တာနက်လိုင်းဖြတ်တောက်ထားလို့ သတင်းအချက်အလက် ရရှိမှုလည်း မရှိသလောက် နည်းပါးခဲ့ပါတယ်။

အင်တာနက်မရတဲ့ စစ်ကိုင်းတိုင်း ကျေးလက်အညာဒေသက ပြည်သူတွေအတွက် အခုလို အိမ်ဆောက်ပေးနေတဲ့ အဖွဲ့တွေရှိတယ်ဆိုတာကိုလည်း မသိရှာကြပါဘူး။

အခုလို အိမ်တွေလိုက်ဆောက်ပေးနေတဲ့ အဖွဲ့အစည်းရှိတယ်ဆိုတာနဲ့ အိမ်ဆောက်ပေးဖို့ စာရင်းလိုက်ကောက်ရင်တောင် သူတို့မှာ မယုံကြည်နိုင်လောက်အောင် တအံ့တသြဖြစ်နေကြတယ်လို့ ဒေသခံတွေရဲ့ ခံစားချက်တွေကို ပြန်ပြောင်းပြောပြပါတယ်။

စစ်တပ်က အခုလို အင်တာနက်ဖြတ်တောက်ပြီး ဖိနှိပ်တဲ့ နည်းလမ်းတွေကို အာဏာမသိမ်းခင်ကလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တော့ အသုံးပြုခဲ့ပါသေးတယ်။

“အခုကျနော်သွားတဲ့ မိဘေးသင့်ရွာ တော်တော်များများက ဖုန်းလိုင်းတောင်မှ မနည်းဆက်နေရတာပေါ့။ အင်တာနက်လိုင်းဆို လုံးဝကို ဖြတ်တောက်ခံထားရတာ။ ဒီလိုမျိုးတွေ မသိရှာဘူး။” 

အခုလို အိမ်တွေဆောက်ပေးနိုင်ဖို့ လိုအပ်တဲ့ ငွေကိုတော့ ပြည်တွင်းပြည်ပအလှူရှင်တွေဆီက ရရှိပေမယ့် အိမ်ဆောက်ရင်သုံးတဲ့ သစ်တွေဝါးတွေကိုတော့ တောထဲမှာ သွားခုတ်ရတာမျိုးတွေ ရှိပါတယ်။

အိမ်ဆောက်ချိန်ထက် အဲ့ဒီသစ်တွေဝါးတွေ သွားခုတ်ပြီး သယ်ရတာက သူတို့အတွက် အချိန်ပိုကြာလေ့ ရှိပါတယ်။ သယ်ယူပို့ဆောင်ဖို့ ကားအခက်အခဲရှိသလို လမ်းမှာ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး သယ်ရတာတွေလည်း ရှိတာကြောင့် လိုအပ်တာထက် ပိုကြာတာတွေလည်း သူတို့ကြုံတွေ့ ကြရပါတယ်။

တောထဲမှာ အိပ်ရတဲ့ရက်တွေ ရှိသလို လမ်းဘေးမှာ အိပ်ခဲ့ရတဲ့ရက်တွေလည်း ပစ္စည်းသယ်တိုင်း ကြုံရတဲ့ အခက်အခဲတွေပါ။

နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်မှုတခုကတော့ ခုလက်ရှိလည်း ကြုံနေရပြီဖြစ်သလို နောက်လည်း ဆက်တိုက်ကြုံလာတော့မှာဖြစ်တဲ့ ထန်းရွက် ထန်းလက်တွေ မရနိုင်တော့တဲ့ အခြေအနေပါ။

အရင်ကတော့ အညာမှာ ထန်းရွက်တွေကို ရာသီပြောင်းချိန်တွေမှာပဲ အမိုးအသစ်လဲဖို့ အသုံးပြုလေ့ရှိပေမယ့် အခုတော့ နေ့တိုင်းနီးပါး ရွာလုံးကျွတ်မီးရှို့ခံနေရတဲ့ အညာဒေသမှာ အိမ်အသစ် ပြန်ဆောက်တိုင်း ထန်းရွက်မပါမဖြစ် ထည့်သုံးနေရတာပါ။

ထန်းရွက်ခုတ်ယူမှု များလာတာနဲ့အမျှ ထန်းရွက်ရှားပါးမှုကလည်း စပြီးကြုံနေရပါပြီ။ အိမ်တလုံးအတွက် အမိုးလုပ်ဖို့ ထန်းရွက် ၃၅၀ ဝန်းကျင် ကုန်ကျတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ဒေသမှာ နေ့စဥ်နဲ့အမျှ မီးရှို့ခံနေရတော့ ထန်းရွက် ရှားလာတာပါ။ ၂ ခန်းတွဲ အိမ်တလုံးကို ထန်းရွက် ၂၅၀ ကနေ ၃၀၀ လောက် ကုန်ပါတယ်။ လူများလို့ တဲ၊ ဇောင်းပါထပ်ထည့်ရင် ၃၀၀ ကျော် ၄၀၀ လောက် ကုန်ပါတယ်”

ထန်းပင်တပင်မှာ အများဆုံး ထန်းရွက် ၃၀ လောက်ပဲ ရနိုင်ပြီး အိမ်တလုံးအတွက်ဆိုရင် အနည်းဆုံး ထန်း ၁၀ ပင်ကနေ ၁၅ ပင်ကြား လိုအပ်နေတာပါ။

တကယ်လို့သာ အညာက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေ ထပ်လုပ်နေရင် လက်ရှိဆောက်လုပ်ပေးနေတဲ့ အိမ်တန်ဖိုးရဲ့ ၂ဆ ထပ်ပြီး ကုန်ကျသွားမှာ ဖြစ်ပါတယ်။

ထန်းရွက်ရှားပါးလာမှုကြောင့် နောက်ပိုင်းလှူမဲ့အိမ်တွေကို ထန်းရွက်အမိုးအစား သံဖရိန်နဲ့ သွပ်တွေ မိုးလာရမယ်ဆိုရင် တန်ဖိုးလည်း ပိုကုန်ကျမှာ ဖြစ်သလို နွေရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ဒေသခံတွေ အပူဒဏ်ကို ပိုခံရမှာကိုလည်း S&C က စိုးရိမ်နေပါတယ်။

S&C အနေနဲ့ အညာဒေသမှာ အိမ်အလုံးပေါင်း ၁၀၀၀ ဆောက်ပြီး လှူဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး အခုလ ဖေဖော်ဝါရီ ၂၅ ရက်အထိ အိမ်အလုံးပေါင်း ၃၀၀ အတိကို ဆောက်လုပ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် နေအိမ်မီးရှို့ခံရတဲ့ ဒေသတွေမှာ အိမ်လိုအပ်မှုက အလွန်များပြားနေပါတယ်။ 

ဒါပေမဲ့ လတ်တလောမှာတော့ အိမ်ဆောက်လှူတဲ့ အဖွဲ့တွေ မရှိသေးပါဘူး။ S&C အဖွဲ့ကသာ အိမ်ဆောက်လှူတာ လုပ်ဆောင်နေတာပါ။

S&C အဖွဲ့က အလှူငွေရှိရင် ရှိသလို တလကို အိမ် ၈၀ ကျော် ၁၀၀ နီးပါးသာ လှူနိုင်သေးသလို စစ်ကိုင်းတိုင်းထဲက တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း ဒေသမှာပဲ လုပ်ကိုင်နိုင်သေးတာပါ။

မြန်မာနိုင်ငံက ကျေးလက်ဒေသအားလုံးနီးပါးမှာ မီးရှို့ခံရမှုတွေ ဖြစ်ပေါ်နေတာကြောင့် အိမ်လိုအပ်နေတဲ့ ပမာဏက အလွန်များပြားနေပါသေးတယ်။

လက်ရှိ S&C အဖွဲ့မှာတောင် အိမ်အလှူအတွက် အလှူငွေရရှိမှု၊ ကုန်ကြမ်းရရှိမှုစတဲ့ အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာ ကြုံနေရပါပြီ။

အခက်အခဲများစွာ ရင်ဆိုင်နေရပေမဲ့လည်း အိမ်အလှူတော်ကို ရတဲ့နည်းနဲ့ ဆက်လုပ်သွားမယ်လို့ S&C မီးဘေး၊ စစ်ဘေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က အခုလို ဆိုလိုက်ပါတယ်။

“နည်းနည်းလေးကနေ ကျနော်တို့စလုပ်ခဲ့တာပဲလေ။ ဒီလိုအခြေအနေထိတောင် ရောက်ခဲ့ပြီဆိုတော့ ကျနော်တို့က ရှေ့ဆက်တိုးသွားဖို့ပဲ ရှိပါတယ်။ နောက်ပြန်လှည့်ဖို့က မရှိပါဘူး။”

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10