မုက္ခမူစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါ ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

မုက္ခမူစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါ ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ မုက္ခမူတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ Fire Dragon PDF အဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ည ၈ နာရီခန့်မှာ စစ်ကောင်စီနဲ့ရဲအင်အား ၁၅ ဦးခန့်ရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သတင်းအချက်အလက် စုံစမ်းပြီး သူတို့လုံခြုံရေးပေါ့လျော့တဲ့အချိန်မှာ လျှပ်တပြတ် ဝင်တိုက်ခိုက်ခဲ့တာ။ ပစ်ခတ်ချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာမယ်။ စကစဘက်က ထိခိုက်သေဆုံးတာက ခိုင်မာတဲ့သတင်းရင်းမြစ်ဆီက ရတာပါ"လို့ Fire Dragon PDF တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ဒုရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်တွေကောက်ယူဖို့ အချိန်မရတာကြောင့် မယူနိုင်ခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒီစစ်ဆေးရေးဂိတ်ဟာ ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ မုက္ခမူကျေးရွာအလယ် ညောင်လေးပင်နဲ့ တမိုင်ခန့်အကွာမှာ တည်ရှိတာပါ။ 

အဲ့ဒီစစ်ဆေးရေးဂိတ်ကနေ ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ ဖိအားပေးတာ၊ ဖြတ်သန်း သွားလာနေတဲ့ ကားတွေနဲ့ဒေသခံတွေဆီကနေလည်း ငွေတောင်းကြမ်းတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးရှိ တာပြတ် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး  ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ဒေသခံ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10