မုန်းတိုက်ပွဲတွင် ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါ တပ်ဖွဲ့ဝင်မိသားစု ၆၁ ဦးကို ဥပဒေများနဲ့အညီ KNU က စောင့်ရှောက်ထား

မုန်းတိုက်ပွဲတွင် ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါ တပ်ဖွဲ့ဝင်မိသားစု ၆၁ ဦးကို ဥပဒေများနဲ့အညီ KNU က စောင့်ရှောက်ထား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါအဝင် စုစုပေါင်း ၆၁ ဦးကို နိုင်ငံတကာဥပဒေများနဲ့အညီ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မုန်းမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ တပ်သား ၁၉ ဦးခန့် လက်နက်ချ အညံ့ခံခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း တပ်ဝန်းအတွင်းက တပ်မိသားစုဝင် ၄၂ ဦးခန့်ကိုလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအကြား ဘေးလွတ်ရာ ရွှေ့ပြောင်းကာ စစ်သုံ့ပန်းဥပဒေများနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

"သုံ့ပန်းတွေရော၊ တပ်မိသားစုတွေပါ စည်းမျည်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ ကောင်းကောင်းမွန်မွန် ထားပါတယ်။ KNU က အဓိကပံပိုးမှုနဲ့ စောင်ရှောက်ထားပါတယ်" လို့ တောင်ပိုင်းတိုင်စစ်ဒေသခွဲ ၂၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

လက်ရှိမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စအဝဝကို KNU ဘက်က ဖြေရှင်းဆောင်ရွက်ပေးနေပြီး လွတ်လပ်စွာထားရှိကာ လူဂုဏ်သိက္ခာနဲ့အညီ စောင့်ရှောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ အဘက်ဘက်က ဆုတ်ယုတ်လာပြီး သူတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် ဝါဒဖြန့်ချီရေး ယန္တရားကို အသုံးပြုကာ သူတို့အမြဲတစေ လုပ်ဆောင်ခဲ့တဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနဲ့ သတင်းအမှားများကို အသုံးပြုပြီး တော်လှန်ရေးအဖွဲ့အစည်းများကို ပြည်သူများ အထင်အမြင်လွှဲမှားအောင် လုပ်ဆောင်ခြင်းတို့ကို အားထုတ်လုပ်ဆောင်နေတယ်လို့ KNU က ဆိုပါတယ်။ 

ပြည်သူများအနေနဲ့လည်း စစ်ကောင်စီတပ် ဝါဒဖြန့်ချိမှုများက ရှောင်ကျဉ်နိုင်ဖို့ ရရှိလာတဲ့ သတင်းအချက်အလက်များကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းရဲ့ တရားဝင်လူမှုကွန်ယှက်သတင်းစာမျက်နှာများ၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနများက ထုတ်ပြန်တဲ့ သတင်းအချက်အလက်များနဲ့ တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ဖို့ KNU က တိုက်တွန်းထားပါတယ်။ 

ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အတွင်း မုန်းရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ မုန်းသာစည်တံတား၊ ကော့ပြင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၀၀ ကျော်သေဆုံးခဲ့သလို KNU ပူးပေါင်းတပ်တွေဘက်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၉ ဦး လက်နက်ချခဲ့ပြီး သူတို့နဲ့အတူ တပ်မိသားစုဝင် ၄၂ ဦးပါ အလင်းဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီး #မုန်းမြို့ #စစ်သုံ့ပန်း #နိုင်ငံတကာဥပဒေများ #KNU #စစ်တပ် #လက်နက်ချ #စောင့်ရှောက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10