မုန်းတိုက်ပွဲမှာ ခလရ ၈၄ ဗိုလ်မှူး ကျော်လတ်ခိုင် အပါ ၂၀ ကျော် လက်နက်ချ

မုန်းတိုက်ပွဲမှာ ခလရ ၈၄ ဗိုလ်မှူး ကျော်လတ်ခိုင် အပါ ၂၀ ကျော် လက်နက်ချ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် အရာရှိ ၃ ဦးနဲ့ စစ်ကောင်စီအဖွဲ့တွေ လက်နက်ချတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ စစ်ကူလာတဲ့ ခလရ ၈၄ က စစ်ကောင်စီတပ်သားတွေနဲ့ တပ်ပေါင်းစုံက စစ်ကောင်စီအဖွဲ့တွေ လက်နက်ချအဖမ်းခံလိုက်တဲ့အပြင် မုန်းမြို့ကိုပါ ထိန်းချုပ်ထားလိုက်နိုင်ပြီလို့လည်း ဆိုပါတယ်။

"လက်နက်ချတာ ခလရ ၈၄ က ဒုရင်းမှူးအပါအဝင် အခြားစစ်သည်တွေ တော်တော်များတယ်။ တပ်ကတော့ အစုံပါပဲ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

ခလရ ၈၄ တပ်ရင်းမှ လက်နက်ချသူတွေကိုလည်း ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာ တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်လာပါတယ်။ 

လက်နက်ချသူတွေမှာ ခလရ ၈၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင် ၃၉ နှစ်၊ တပ်ခွဲမှူး ဗိုလ်ကြီးအာကာစိုး ၃၃ နှစ်၊ အင်ဂျင်နီရာတပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း ၃၄ နှစ်၊ ဒုအရာခံဗိုလ် လှသိန်း ၅၈ နှစ်၊ ဒုအရာခံဗိုလ် သန်းအောင် ၅၁ နှစ်၊ တပ်စိတ်မှူး တပ်ကြပ် စန်းဦး ၃၂ နှစ်၊ တပ်ကြပ် ထူးကိုကို ၃၃ နှစ်၊ တပ်ကြပ် ဟန်ထွန်း ၄၈ နှစ်၊ ဒုတပ်ကြပ် မောင်ဇော် ၄၀ နှစ်၊ တပ်သား သူရလင်း ၃၃ နှစ်၊ တပ်စိပ်မှူး တပ်ကြပ် တောလူ ၅၄ နှစ်၊ တပ်သား ဝေယံစိုး ၃၂ နှစ်၊ ဒုတပ်စိတ်မှူး ဒုတပ်ကြပ် တင်ထွန်းဇော် ၄၅ နှစ်၊ ဒုအရာခံဗိုလ် ဝင်းမင်းထွန်း ၄၂ နစ်၊ တပ်ကြပ်ကြီး သက်နိုင် ၅၆ နှစ်၊ တပ်ကြပ် သက်ဦး ၄၃ နှစ်၊ မွေးမြူရေးဒုတပ်ကြပ် ဌေးလွင် ၅၀ နှစ်၊ တပ်သား စိုင်းအွန်ခမ်း ၂၉ နှစ်၊ တပ်သား ရဲမင်းနိုင် ၃၂ နှစ် တို့ ဖြစ်ပါတယ်။ 

လက်ရှိမှာ လက်နက်ချထားတဲ့စစ်သည်တွေနဲ့ မိသားစုဝင်တွေကို စည်းမျဥ်း စည်းကမ်းတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီကျော်ကတည်းက မုန်းမြို့မရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ သံတံတားထိပ် ဂိတ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက အင်အား ၁၀၀၀ ကျော်အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းမှာ အားလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ KNU ဗဟိုကလည်း အတည်ပြု ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မုန်းမြို့ပေါ်ရပ်ကွက်က ပြည်သူတွေ၊ တုံးတော၊ ရေအိုးစဥ်၊ မီးတိုင်တော ကျေးရွာအပါအဝင် ဒေသခံ ၁၀၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မုန်းမြို့နယ်တိုက်ပွဲ #စစ်ကောင်စီတပ်တွေ #လက်နက်ချ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10