မုန်းတိုက်ပွဲအပြီး ရွာတွေကို နေ့စဉ်နီးပါးလေကြောင်းပစ်ခတ်နေလို့ ကလေးငယ်အပါ ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရခဲ့

မုန်းတိုက်ပွဲအပြီး ရွာတွေကို နေ့စဉ်နီးပါးလေကြောင်းပစ်ခတ်နေလို့ ကလေးငယ်အပါ ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရခဲ့

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသရဲစခန်းနဲ့ စစ်ကောင်စီတပ်ရင်းတွေ သိမ်းပိုက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း မုန်းဒေသကို စစ်တပ်က နေ့စဥ်နီးပါးလေကြောင်းသုံးပစ်ခတ်လို့ ပြည်သူ ၂ ဦးသေ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့  KNU  သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၁၁ရက်က စတင်ကာ နေ့စဉ်နီးပါး လေကြောင်းကနေလာရောက်ပစ်ခတ်နေတာဖြစ်ပြီး ပစ်ခတ်မှုအတွင်း အသက် ၁ နှစ် ၆ လအရွယ်ကလေးငယ် ၁ ဦးနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် သက်ကြီးပိုင်းအမျိုးသမီးတို့သေဆုံးခဲ့ကာ ကလေး ၄ ဦး ၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနေ့ မနက် ၈ နာရီ ၄၀ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ် ၁ စီးက ဝဲကြီးကျေးရွာကို ရော့ကတ် ၁၂ လုံးပစ်ခတ်ခဲ့လို့ အသက် ၁ နှစ်ခွဲအရွယ် မောင်ကောင်းဆက်နိုင်သေဆုံးခဲ့ရပြီး ဒေါ်သန်း ကြည် ၅၅ နှစ်၊ ဦးသန်းထွေး ၅၀ နှစ်၊ မောင်စည်သူအောင် ၁၄ နှစ်တို့ ဒဏ်ရာရခဲ့ကာ နေအိမ် ၅ လုံး၊ စျေးဆိုင် ၁ ဆိုင်ပျက်စီးပြီး နွားနဲ့ဝက်တွေ ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

" လေယာဥ်နဲ့လာပစ်တာက နေ့တိုင်းနီးပါးလောက်ရှိတယ်။ PDF နဲ့ KNLA အဖွဲ့တွေရှိနေတယ်ထင်ပြီး ရွာတွေကို လှည့်ပတ်ပစ်နေတာ" လို့ မြေပြင်ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ နယ်နိမိတ်ကျေးရွာကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ လှည့်ပတ်ပစ်ခတ်ခဲ့လို့ အဲ့ဒီရွာဒေသခံ မခင်နန်းချော ၃၈ နှစ်၊ မောင်ရှမ်းမင်းသူ ၁၃ နှစ်၊ မောင်နေစန်းထွေး ၂၇ နှစ်နဲ့ အသက် ၃ နှစ် ကလေးငယ်တဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာလည်း တောင်ငူလေတပ်ကလာရောက်တဲ့ ဂျက်တိုက်လေယာဥ်တစီးဟာ စက်သေနတ်နဲ့ မုန်းဒေသရှိ ကိုင်းတဲစု၊ ကညင်ဒိုင်း၊ ငှက်ပျောတောကျေးရွာတွေကို လှည့်ပတ်ပစ်ခတ်သွားလို့ ကိုင်းတဲစုရွာက အသက် ၆၀အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးဒဏ် ရာရသွားတယ်လို့ သိရပါတယ်။

မုန်းမြို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်းကစတင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်မှာ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့တာပါ။

တိုက်ပွဲပြင်းထန်စဉ်ကာလအတွင်း မုန်းမြို့နေရာစုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအကြိမ် ၅၀ ထက်မနည်း ပြုလုပ်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်လက်နက်ချပူးပေါင်းတဲ့ ၎င်းတို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကိုလည်း လေကြောင်းက ပစ်ခတ်ခဲ့လို့ သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။

တိုက်ပွဲများငြိမ်သက်ပြီး နယ်မြေရှင်းလင်းမှု အားလုံးပြီးဆုံးချိန် ဒီဇင်ဘာ ၁၁ ရက်က စတင်ကာ ကျေးရွာတွေကို ဦးတည်ပစ်ခတ်နေလို့ အရပ်သားတွေထိခိုက်သေဆုံးနေတာလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပုံစာ - စစ်ကောင်စီလေတပ် တိုက်ခိုက်ရေးလေယာဉ်များ ပစ်ခတ်မှုပြုလုပ်နေစဉ် (CINCDS)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကျောက်ကြီး #မုန်း #စစ်ကောင်စီ #လေကြောင်းပစ်ခတ် #အရပ်သား #သေဆုံးမှု #ကလေးငယ် #အမျိုးသမီး #ထိခိုက်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10