မုန်းဒေသက စစ်တပ်ကာကင်းစခန်းတိုက်ခိုက်မှု စစ်သားတွေထွက်ပြေးလို့ သေနတ် ၅ လက်ရ

မုန်းဒေသက စစ်တပ်ကာကင်းစခန်းတိုက်ခိုက်မှု စစ်သားတွေထွက်ပြေးလို့ သေနတ် ၅ လက်ရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၊ ကော့ပြင်းရွာက စစ်ကောင်စီကာကင်းစခန်း တိုက်ခိုက်ခံရလို့ စစ်သားတွေ စခန်းစွန့်ထွက်ပြေးသွားကြတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ကာကွယ်ရေးရဲဘော်တွေထံက သိရပါတယ်။

အင်အား ၃၀ ကျော်ရှိနေတဲ့ ကော့ပြင်းရွာက စစ်တပ်ကာကင်းစခန်းကို ဒီဇင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ KNLAပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ မိနစ် ၂၀ ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ပြီး စခန်းစွန့်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

" အဲ့နေရာက ကာကင်းလှုပ်ရှား ယာယီတပ်စွဲထားတဲ့နေရာပဲ။ ကျနော်တို့ဘက်က အဖွဲ့တွေ ဝင်တိုက်တော့ အကုန်တယောက်မကျန် ထွက်ပြေးကုန်တယ်"လို့ တောင်ပိုင်းတိုင်းစစ်ဒေသ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားလို့ စခန်းအတွင်းကျန်ခဲ့တဲ့ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA 3 သေနတ် ၃ လက်၊ပစ္စတို ၁ လက်၊ ကျည်ဆံတွေနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့ပြီး စခန်းကိုတော့ မီးရှို့လိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ KNLA ၊ PDF အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေက မုန်းမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီကလည်း မုန်းမြို့ကို ပြန်လည်ရရှိရေး လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ကူအများအပြားသုံးကာ ပြန်တိုက်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်ကတည်းကစတင်ခဲတဲ့ မုန်းဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၀ ကျော် သေဆုံးထားတယ်လို့ တောင်ပိုင်းတိုင်းအထူးကွန်မန်ဒိုစစ်ကြောင်းက ထုတ်ပြန်ထားပြီး KNLA ပူးပေါင်းတပ် တွေဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိပေမယ့် သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပုံစာ - KNLA ပူးပေါင်းတပ်များ ခမရ ၅၉၀ တပ်ရင်းကို သိမ်းပိုက်ထားပုံ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကျောက်ကြီး #မုန်းဒေသ #တပ်ကာကင်းစခန်း #တိုက်ခိုက်မှု #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #စခန်းစွန့်ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10