မုန်းဒေသက စစ်ဘေးရှောင်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးပျက်ကျမှုတွေရှိနေ

မုန်းဒေသက စစ်ဘေးရှောင်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးပျက်ကျမှုတွေရှိနေ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကလေးပျက်ကျမှုတွေရှိနေတယ်လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီထံက သိရပါတယ်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရချိန် ပြေးလွှားနေရလို့ မတော်တဆထိခိုက်တာ၊ လိုအပ်တဲ့ ဆေးဝါးအကူအညီ လုံလောက်စွာ မရရှိမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦး မှာ ၂ ဦးခန့် ကလေးပျက်ကျတာတွေ ဖြစ်ရတယ်လို့ဆိုပါတယ်။

"ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာက ကောင်းမွန်စွာနေထိုင်ပြီး ဆေးဝါးအလုံအလောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုရမှ ကလေးတွေကို ကောင်းမွန်စွာ မွေးဖွားနိုင်မှာ။ အခုကျတော့ အသက်လု ပြေးနေရတာနဲ့ ဆေးဝါးအကူအညီကောင်းကောင်း မရတာတွေက ကလေးပျက်ကျတာတွေကို ဖြစ်စေတာ" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူကပြောပါတယ်။

မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေယာဥ်နဲ့လက်နက်ကြီးရန်ကိုကြောက်လို့ ကျားတက်၊ ညောင်ပင်သာ၊ သမန်းကျင်း၊ ကညင်ကျ၊ သစ်ချဆိပ်၊ ဥသျှစ်ခင်၊ သံဆိပ်၊ ငထွေးစုပ်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ ၁၁,၀၀၀ ကျော်ထွက်ပြေးနေရပြီး အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင် ၃၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ရင်း ပြေးလွှားနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးဖွားဖို့ ဖြစ်လာပါက ဆေးရုံ ဆေးခန်းမသွားနိုင်ဘဲ ဖြစ်သလိုမွေးဖွားနေရတယ်လို့ သိရပါတယ်။

စစ်ရှောင်ကူညီရေးအဖွဲ့တွေထံမှာလည်း သာမန်ရောဂါတွေအတွက်သာ ဆေးဝါးရှိတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လုံလောက်တဲ့ ဆေးဝါးတွေကို ပံ့ပိုးပေးနိုင်မှု အားနည်းတယ်လို့ ဆိုပါတယ်။

မုန်းမြို့နယ်ထဲမှာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်နဲ့ လက်နက်ကြီး ၄၅၁ ကြိမ်ပစ်ခတ်ခဲ့လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရထားသလို နေအိမ်ပေါင်း ၅၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ပုံစာ - ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီအဖွဲ့က ဆေးဝါးကုသပေးနေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့နယ် #စစ်ဘေးရှောင် #ကိုယ်ဝန်ဆောင် #ကလေးပျက်ကျ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10