မုန်းနယ်မှာ ရေဘေးကြောင့် မိုးစပါစိုက်ဧက ၂၀၀၀ ကျော်ပျက်စီး

မုန်းနယ်မှာ ရေဘေးကြောင့် မိုးစပါစိုက်ဧက ၂၀၀၀ ကျော်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၂,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်ထိ မိုးသည်းထန်စွာရွာပြီး စစ်တောင်းမြစ်ရေတက်လာလို့ ကျေးရွာတွေမှာ ရေဝင်ရောက်ခဲ့သလို ရင့်မှည့်ကာစ စပါးခင်းတွေပါ ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

"ခုလိုဖြစ်လာတော့ တောင်သူတွေမှာ စားဝတ်နေရေးခက်ခဲသွားမှာ အမှန်ပဲ။ တနှစ်လုံးပင်ပန်းထားသမျှ အဖက်မတင်ဖြစ်သွားတာ။"လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူက ပြောပါတယ်။

မိုးကြောင့်ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက် လိုအပ်တဲ့ အကူအညီတွေရဖို့ KNU တာဝန်ရှိသူတွေကို တင်ပြထားပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းတွေအတွက် စီစဥ်နေကြတယ်လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်လို့ ငဘတ်အိုင်ကွင်း၊ နောင်ဘိုကွင်း၊ ခင်နောက်မီးကွင်းနဲ့ ငတိုးခင်ကွင်းက လယ်ဧက ၂,၀၀၀ ကျော် ပျက်စီးသွားတယ်လို့ စာရင်းရထားပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေကြီးလို့ သပြေညွန့်၊ ကျောက်ကြီးပေါက်၊ မန်ကျီးတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်၊ ညောင်ပင်၊ ဒိုက်ပုံ၊ ညောင်ပင်သာကျေးရွာနဲ့ ငဘတ်အင်းကျေးရွာတွေက ဒေသခံ ၈၀၀၀ ကျော်ရေဘေးသင့်ခဲ့ရပြီး စားသောက်ရေးနဲ့ ရေသန့်ရရှိရေးအတွက် အရေးပေါ်လိုအပ်တာတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့နယ် #ရေကြီးရေလျှံမှု #မိုးစပါး #စိုက်ဧက #KNU #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10