မုန်းနယ်၊ ငတိုးခင်ရွာကို တပတ်အတွင်း လက်နက်ကြီး ၂ ကြိမ်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

မုန်းနယ်၊ ငတိုးခင်ရွာကို တပတ်အတွင်း လက်နက်ကြီး ၂ ကြိမ်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာမှာ အောက်တိုဘာလပထမပတ်အတွင်း စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး  ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီထံက သိရပါတယ်။

အောက်တိုဘာ ၄ ရက် နေ့လယ် ၂ နာရီခန့်မှာ ဖြူးမြို့နယ်အခြေစိုက် ခမရ ၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနဲ့ ၃ လုံးပစ်ခတ်ခဲ့ရာ ဗမာငတိုးခင်ရွာအတွင်း လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"သူတို့ကအိမ်ထဲမှာရှိနေချိန် လက်နက်ကြီးကျပြီးထိမှန်ကြတာ။ ထိတဲ့နေ့ကတော့အမျိုးသမီး တယောက် နေရာမှာပဲ ဆုံးသွားတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဗမာငတိုးခင်ရွာနေ အသက် ၅၄ နှစ်အရွယ် ဒေါ်ဝင်းမြင့် သေဆုံးပြီး အသက် ၅၀ နှစ်ခန့်ရှိ ဒေါ်မြင့်စန်းနဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း အဲ့ဒီရွာထဲကို စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ တပတ်အတွင်းမှာပဲ လက်နက်ကြီး ၂ ကြိမ် ထိမှန်ကာ အရပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

သေဆုံးသွားသူရဲ့ နာရေးကိုတော့ ဒေသဓလေ့ထုံတမ်းနဲ့အညီ နာရေးကိစ္စပြုလုပ်ပြီးစီးသွားပြီး ဒဏ်ရာရသူတွေကိုတော့ KNU ဆေးအဖွဲ့ကနေ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ငတိုးခင်ကျေးရွာအုပ်စုဟာ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းတည်ရှိတာဖြစ်ပြီး စစ်ကောင်စီစာရင်းတွေအရ ဖြူးမြို့နယ်အတွင်းတည်ရှိတာဖြစ်သလို KNU သတ်မှတ်ချက်အရ မုန်းမြို့နယ်အတွင်းမှာ ပါရှိတယ်လို့ သိရပါတယ်။

ပုံစာ - အောက်တိုဘာ ၄ ရက်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသူ အမျိုးသမီး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #မုန်း #စစ်ကောင်စီတပ် #ခမရ၃၀၇ #လက်နက်ကြီး #ပစ်ခတ်မှု #အရပ်သားသေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10