မုန်းမြို့နယ်မှာ စစ်တပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

မုန်းမြို့နယ်မှာ စစ်တပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်၊ သပြေကုန်း၊ ပျဥ်းမပင်၊ ရေလဲ အရှေ့ဘက်ကမ်းနဲ့ ရေလဲ အနောက်ဘက်ကမ်းရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဥ်သုံးပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦးသေပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက နိုဝင်ဘာလ ၁ ရက်မှာ စာထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁ ရက် နေ့လယ် ၁၂ နာရီကျော်မှာ နတ်သံကွင်းတံတားရှိ စစ်ကောင်စီအဖွဲ့ကနေ သပြေကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၇၆ နှစ်အရွယ် စောပဲပဲ ဒဏ်ရာရသွားပါတယ်။

အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁ နာရီခန့်မှာ ခမရ ၄၃၉ တပ်ကနေ ကျေးရွာတွေဘက်ကို ဟောင်ဝင်ဇာ အမြှောက်တွေနဲ့ပစ်ခတ်ရာ ပျဉ်းမပင်ကျေးရွာထဲ ကျရောက်ခဲ့တာကြောင့် အမျိုးသမီးကို ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ရေလဲအရှေ့ဘက်ကမ်းကျေးရွာကိုလည်း လက်နက်ကြီးကျပြီး နော်အယ်စေး ၂၀ နှစ်၊ နော်စေးလာဝါး ၉ နှစ်တို့မှာ လက်နဲ့ခြေတွေ ဒဏ်ရာရသွားပါတယ်။

အဲဒီနေ့ မွန်လွဲ ၂ နာရီခန့်မှာ MI-35 ရဟတ်ယာဥ်နဲ့ ရေလဲအရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းရွာတွေကို လာရောက်ပစ်ခတ်ခဲ့ပါတယ်။

"မနေ့ နေ့လယ်က လက်နက်ကြီးကျလို့ ဒဏ်ရာရသူရှိတယ်။ ရှေ့တရက်ကလည်း လေယာဥ်နဲ့ပစ်၊ လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ ဒေသခံတော်တော်များများတော့ ရှောင်နေရတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီ ကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ လာပစ်လို့ သပြေကုန်း၊ ရေလဲအရှေ့ဘက်ကမ်း၊ ရေလဲအနောက်ဘက်ကမ်း၊ သောင်ကြီး၊ ဝက်တူး၊ ကျီးပင်ပေါက်၊ ပျဥ်းမပင်၊ ကင်မွန်းချုံ၊ ငတိုးခင်၊ သင်္ကန်းပင် စတဲ့ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရပါတယ်။

အောက်တိုဘာလအတွင်း မုန်းမြို့နယ်ကို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်နဲ့ပစ်ခတ်လို့ ကလေး ၃ ဦး သေဆုံးပြီး ကလေးလူကြီး ၁၄ ဦး ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့နယ် #သပြေကုန်း #ပျဥ်းမပင် #စစ်ကောင်စီ #လက်နက်ကြီး #လေယာဥ်# KNU #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10