မုန်းမြို့နယ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

မုန်းမြို့နယ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်အတွင်း ၃ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရခဲ့တယ်လို့ မတ် ၃၁ ရက်မှာ  မုန်းမြို့နယ်ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးတာတွေရှိခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းဝင်ရောက်မယ်ဆိုပါက ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ပြီးမှ ဝင်ရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

" ဒေသခံတွေ ထိခိုက်သေဆုံးမှုများရတာက အများဆုံးက လက်နက်ကြီးထိလို့ပါ” လို့ မုန်းမြို့နယ်ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာကို အမြန်ဆုံးရပ်တန်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပေးကြဖို့ တောင်းဆိုပါတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု၊ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းဝင် မီးရှို့လို့ ဒေသခံ နေအိမ် ၁၆၇ လုံးလည်း မီးလောင်ပျက်စီးထားရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေဟာလည်း ဥသျှစ်ကုန်း၊ ကရင်ရေလဲ၊ ဗမာရေလဲ၊ ရန်မျိုးအောင်၊ အုန်းပင်စု၊ ဝက်သိုးကျေးရွာတွေဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေက အထိုင်ချတပ်စွဲမှုတွေရှိလာတာကြောင့် စစ်ရေးဟာ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေအတွက် မုန်းမြို့နယ်ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနဲ့ KNU အဖွဲ့အစည်းအချို့က ကူညီထောက်ပံပေးနေပေမယ့် လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်တာ၊ လက်နက်ကြီးပစ်ခတ်နေတာတွေကြောင့် နောင်ကုန်း၊ ရန်မျိုးအောင်၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ရင်းတိုက်ကုန်း၊ ရေလဲ(ကရင်)၊ ရေလဲ(ဗမာ)၊  ရေလဲ (အနောက်)၊ မရမ်းစိန်ကြီး၊  မရမ်းစိန်လေး၊  ရွာကြီးအင်း၊ ကျွန်းကုန်း၊ တောင်စု (ရှေ့)၊ တောင်စု (နောက်)၊ တမာခေါ၊ ထွနီကုန်း၊ ဒုံးတို၊ လက်တက်ကြီး (ကရင်)ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၈၇ ရွာက ဒေသခံ ၆၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့ #စစ်ကောင်စီ #ပြည်သူ #ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10