မုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

မုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ပူးပေါင်းတပ်တို့ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 


ဩဂုတ်နောက်ဆုံးပတ်ကစပြီး ယခု စက်တင်ဘာလဆန်းအထိ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ရွာ ၅ ရွာကျော်က ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရပြီး ဒေသခံ ၂ ဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

"ဒီနေ့ထိ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါ။ သူတို့ (စကစ)ဘက်က အထိနာထားတော့ မြင်သမျှကို ပစ် ခတ်နေတာ။ ပြေးနေရတဲ့‌ပြည်သူတွေလည်း မနည်းဘူး။ သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းတွေမှာ တပ်စွဲနေထိုင်ဖို့ အစီအစဉ်မရှိပါဘူး" လို့ KNU ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စက်တင်ဘာလ ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက်တို့မှာ မုန်းမြို့ နယ် ငထွေစုပ်ရွာ၊ ပရဲစီရွာ၊ ညောင်ပင်ကြီးရွာနဲ့ ကျောက်ကြီးမြို့နယ်၊ လောမူသောရွာတို့ကို စစ်ကောင်စီတပ်ရဲ့ ခမရ ၄၃၉၊ ခလရ ၆၀၊ ခမရ ၂၀ အမြောက်တပ်တို့က လက်နက်ကြီးတွေနဲ့ပစ်ပြီး လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အ‌ဆိုပါ ဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့အတွက် မျက်ရဲကရင်ရွာ၊ ငထွေစုပ်ရွာ၊ ဆေးပုလဲရွာ၊ မိသ္သလင်ရွာ၊ ဗမာမျက်ရဲရွာတို့မှ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထား ရတယ်လို့ သိရပါတယ်။


ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ရက် KPSN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ၂ ရက်တာတိုက်ပွဲအတွင်း ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက သစ်ချဆိပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ 

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#ပဲခူး #မုန်း #စစ်ရှောင် #၃၀၀၀ကျော် #ထွက်ပြေး #KNU

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10