မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းအလွန်အကျွံသုံးတာကြောင့် ဒေသခံ ၇၀,၀၀၀ နီးပါး ထွက်ပြေးခဲ့ရ

မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းအလွန်အကျွံသုံးတာကြောင့် ဒေသခံ ၇၀,၀၀၀ နီးပါး ထွက်ပြေးခဲ့ရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၇၀,၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂ ရက်ကတည်းက မုန်းမြို့မရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ သံတံတားထိပ်ဂိတ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အင်အား ၁၀၀၀ ကျော်အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်မှာ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်း အလွန်အကျွံသုံး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ 

"လက်ရှိ ဒေသခံတွေက နေရာစုံကို ထွက်ပြေးနေရတာဖြစ်လို့ စားနပ်ရိက္ခာ၊ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါး၊ အမိုးအကာတွေက လိုအပ်နေပါတယ်။ ရှိတဲ့အဖွဲ့တွေက နိုင်သလောက်ကူညီပေးနေပေမယ့် လူဦးရေများတော့ လိုအပ်ချက်ကလည်း မြင့်တယ်" လို့ စစ်ဘေးရှောင်အရေးကူညီနေသူတဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ညောင်လေးပင်၊ ကျောက်ကြီး၊ ကျောက်တံခါးမြို့တွေအပါအဝင် ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်၊ ဥယျာဥ်ခြံတွေထဲကို ထွက်ပြေးနေရပြီး လတ်တလောမှာ အဆင်ပြေသလို ရှာဖွေစားသောက်နေကြရပါတယ်။

တိုက်ပွဲနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် မုန်းမြို့ပေါ်ရပ်ကွက်က ပြည်သူတွေ၊ မီးတိုင်တော၊ တုံးတော၊ ရေအိုးစဥ်ကျေးရွာတွေအပါအဝင် ရပ်ကွက်၊ ကျေးရွာ ၉၅ ခုက ဒေသခံ ၆၈,၀၀၀ ကျော်ဟာ ထွက်ပြေးနေရတာပါ။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားကျေးရွာတွေထဲကို လေကြောင်းနဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်တွေပျက်စီးမှုရှိနေပြီး ထိခိုက်သေဆုံးနဲ့ပျက်စီးစာရင်းကို ကောက်ယူနေတုန်းလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးလိုပါက မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P)နဲ့ KNU ဗဟိုပြန်ကြားရေးအဖွဲ့တွေထံ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့ #မုန်းမြို့ #မြို့သိမ်းတိုက်ပွဲ #စစ်ရှောင် #ဒေသခံ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10