မုန်းမြို့သိမ်းတိုက်ပွဲ လေကြောင်းက အကြိမ် ၅၀ ခန့်ပစ်ခဲ့ပြီး ဆက်တိုက်ပစ်ခတ်နေလို့ နယ်မြေရှင်းလင်းရခက်ခဲနေ

မုန်းမြို့သိမ်းတိုက်ပွဲ လေကြောင်းက အကြိမ် ၅၀ ခန့်ပစ်ခဲ့ပြီး ဆက်တိုက်ပစ်ခတ်နေလို့ နယ်မြေရှင်းလင်းရခက်ခဲနေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ခန့် ပြုလုပ်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကတည်းက မုန်းမြို့မရဲစခန်း၊ မုန်းမြို့၊ တုံးတောရွာနဲ့ ရေအိုးစဥ်ရွာအခြေစိုက် ခမရ ၅၉၉နဲ့ ခမရ ၅၉၀ တို့ကို KNLA ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှာ တပ်ရင်းတွေရော မြို့ကိုပါ သိမ်းပိုက်ရရှိခဲ့တာပါ။

" ဒီတကြိမ် လေကြောင်းသုံးတာ တော်တော်များတယ်။ အမျိုးအစားမသိတဲ့ လေယာဥ်တွေနဲ့ကော လာပစ်တာတွေရှိတယ်"လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က Mi-35 အပါအဝင် ဂျက်တိုက်လေယာဥ် ၁၀ စီးထက်မနည်းသုံးပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ ၅ ကြိမ်၊ ဒီဇင်ဘာ ၃ ရက်မှာ အကြိမ်ရေ ၃၀ ထက်မနည်းနဲ့ ဒီဇင်ဘာ ၄ ရက် ဒီမနက်ပိုင်းမှာ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ မုန်းမြို့နဲ့ မုန်းရဲစခန်း၊ ခမရ ၅၉၀၊ ခမရ ၅၉၉ တို့ကို KNLA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပေမယ့် စစ်တပ်က လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ နယ်မြေရှင်းလင်းရေးကို အပြည့်အဝ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်အကျအဆုံးမှုများရှိခဲ့ပြီး အသေးစိတ်အခြေအနေကို  သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲကြောင့် မုန်းမြို့ပေါ် တုံးတောရွာ၊ ရေအိုးစဥ်ကျေးရွာတွေအပါအဝင် အနီးအနားရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပုံစာ - မုန်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကို မြင်တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #မုန်းမြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက်မှု #အကြိမ်၅၀ခန့်ပြုလုပ် #KNLA #PDF #နယ်မြေရှင်းလင်းရေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10