မုန်းမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့အရေပြားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်

မုန်းမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့အရေပြားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်ထဲကကျေးရွာတွေမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့ အရေပြားရောဂါ ဖြစ်ပွားသူ များပြားနေပြီး ကုသမယ့်ဆေးဝါးလည်း မလုံလောက်တာတွေဖြစ်ပေါ်နေတယ်လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်လောက်ကတည်းကစတင်ပြီး မုန်းဒေသမှာ ရေကြီးရေလျှံတာတွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေမှာ တုပ်ကွေးရောဂါကြောင့်ဖျားနာသူနဲ့ ခန္ဓာကိုယ်မှာအဖုအပိန့်တွေထွက်ကာ အရေပြားရောဂါဖြစ်ပွားသူတွေ များပြားလာတယ်လို့ ဆိုပါတယ်။

" ခုက တုပ်ကွေးနဲ့ ယားနာဖြစ်နေကြတာက လူ ၁၀၀ မှာ ၆၀ လောက်ဖြစ်နေကြတာ။ အဓိက ရေမသန့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ယားပြီးတော့ ပြည်တည်နာတွေပုံစံ ဖြစ်ကြတာ။ တချိန်လုံး ကုတ်နေရတယ်။ ဖျားတာဆိုရင်လည်း ကိုယ်လက်ကိုက်ခဲပြီး မလှုပ်နိုင်တဲ့အခြေနေထိ ကြုံတွေ့နေကြရတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ ဒေသခံတွေနဲ့စစ်ရှောင်တွေဟာ ရိုးမအနီးတောင်ခြေတွေနဲ့ တောင်ပေါ်ဒေသတွေက ကျေးရွာ ၂၀ ကျော်မှာ ဖြစ်ပွားနေကာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အထက်ပါရောဂါတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ရောဂါဖြစ်ပွားနေသူတွေကို ကရင့်အမျိုးသားအစည်းအရုံး - KNU နဲ့ လက်အောက် ကျန်းမာရေးအဖွဲ့တွေ၊ စစ်ရှောင်အရေးကူညီနေသူတွေက ဆေးဝါးကုသပေးနေကြပေမယ့် ဖြစ်ပွားသူအရေအတွက်များပြားတာကြောင့် ဆေးဝါးမလုံလောက်တာတွေရှိနေတယ်လို့ သိရပါတယ်။

“ အဖျားကျဆေး၊ အကိုက်ခဲပျောက်ဆေးနဲ့ ယားနာပျောက်ဆေးလိုမျိုးတွေက အဓိကလိုအပ်နေတာပါ “ လို့ အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တုပ်ကွေးဖျားနာနဲ့အရေပြားရောဂါတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်း လှူဒါန်းလိုသူတွေရှိနေပေမယ့် စစ်ရေးအခြေနေ၊ လမ်းပန်းဆက်သွယ်ရေးအခြေနေတွေကြောင့် ပို့ဆောင်သယ်ယူဖို့ခက်ခဲနေတာဖြစ်ပြီး ဆေးဝါးအလုံအလောက်နဲ့ အချိန်မီမကုသနိုင်ပါက ရောဂါဖြစ်ပွားသူအရေအတွက် ပိုမို များပြားလာနိုင်တယ်လို့ ဆိုပါတယ်။

မုန်းဒေသမှာ ဇူလိုင်လ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ကာလအတွင်းက နေအိမ် ၂၆ လုံးပျက်စီးခဲ့ရသလို ရွာပေါင်း ၁၁၈ ရွာက ဒေသခံ ၇၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ရပြီး မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #မုန်း #စစ်ရှောင် #တုပ်ကွေး #အရေပြားရောဂါ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10