မုန်းမှာ ရေဘေးသင့်ပြည်သူ ၈၀၀၀ အကူအညီလိုအပ်နေ

မုန်းမှာ ရေဘေးသင့်ပြည်သူ ၈၀၀၀ အကူအညီလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်ရှိ ကျေးရွာ ၉ ရွာက ဒေသခံ ၈၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက်ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းကာ စစ်တောင်းမြစ်ရေတက်လို့ မုန်းမြို့နယ်ထဲက သပြေညွန့်၊ ကျောက်ကြီးပေါက်၊ မန်ကျီးတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်ညောင်ပင်၊ ဒိုက်ပုံ၊ ညောင်ပင်သာ စတဲ့ကျေးရွာတွေကို ရေဝင်ရောက်ပြီး ဒေသခံတွေ ရေဘေးသင့်ခဲ့တာလို့ ဆိုပါတယ်။

"ရေက ရွာတွေထဲမှာ ၂ ပေကနေ  ၄ ပေကျော်လောက် တက်နေတာ။  ၁၂ ရက်နေ့ထိ ရေက နည်းနည်းပဲ ပြန်ကျသေးတာ။ အကူအညီလိုနေတာရှိတယ်"လို့ မုန်းမြို့နယ် ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ ကျေးရွာထဲက နီးစပ်ရာ ကုန်းမြင့်ပိုင်းတွေမှာ နေထိုင်နေရပြီး အစားအစာအတွက် ရှိတဲ့ရိက္ခာကိုပဲ ချွေတာစားသောက်နေရတယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ရေသန့်လိုအပ်ချက်မြင့်နေပြီး ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံရေးအဖွဲ့တွေ လာရောက်မှုနည်းပါးနေတာကြောင့် ရိက္ခာအတွက် လုံလောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။ 

ရေကြီးနေလို့ ဒိုက်ပုံ၊ ဇီးကုန်း၊ တောပု၊ လေလံကုန်း၊ ကျောက်ကြီးပေါက် စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေစိုက်ပျိုးထားတဲ့ မိုးစပါး၊ မတ်ပဲ၊ မြေပဲစိုက်ခင်းတွေမှာ ရေဝင်ရောက်ပြီး ပျက်စီးတာတွေရှိနေပြီး ပျက်စီးမှုပမာဏကို စာရင်းကောက်ယူနိုင်တာ မရှိသေးပါဘူး။

အလားတူ အောက်တိုဘာ ၇ ရက်က စတင်ပြီး ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းရာကနေ မြစ်ရေတက်တာကြောင့် ဒေသခံ ၇ သောင်းကျော် ရေဘေးသင့်ခဲ့ရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မုန်း #မြစ်ရေတက် #ဒေသခံ #ရိက္ခာလိုအပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10