မုန်းမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှူကြောင့် ၅ လအတွင်း ပြည်သူ ၁၉ ဦးသေပြီး၊ ၅၄ ဦးဒဏ်ရာရ

မုန်းမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှူကြောင့် ၅ လအတွင်း ပြည်သူ ၁၉ ဦးသေပြီး၊ ၅၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ မုန်းမြို့နယ်မှာ ၅ လအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၁၉ ဦးသေဆုံးပြီး ၅၄ ဦးဒဏ်ရာရတယ်လို့ ဩဂုတ် ၁၇ ရက်မှာ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကနေ သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက်ကနေ ဩဂုတ် ၁၅ ရက်ထိ စစ်ကောင်စီရဲ့ ခလရ ၇၃၊ ခမရ ၃၀၇ ရွှေဝါတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရကြတာလို့ ဆိုပါတယ်။

"အဓိက လက်နက်ကြီးကြောင့် ပြည်သူတွေထိခိုက်သေဆုံး များရတာ။ လေယာဥ်ကြောင့် ထိခိုက်တာ နည်းတယ်။ တိုက်ပွဲလည်းမရှိဘူး။ လက်နက်ကြီးကတော့ နေ့တိုင်း ၁၀ လုံးနဲ့အထက်ကို ပစ်ခတ်နေတော့တာ။ "လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဥ်ဗုံးဒဏ်ကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ ငတိုးခင်၊ ဆိတ်ဖြူ၊ သပြေညွှန့်၊ ရွှေပြည်သာ၊ ကျောက်ကြီးပေါက်၊ အောင်စိုးမိုးကျေးရွာက ဒေသခံတွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။  

ဒါ့အပြင်စစ်ကောင်စီစစ်ကြောင်းတွေက မီးရှို့လို့ အထက်ပါကျေးရွာတွေအပါအဝင် မုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က နေအိမ် ၂၀၆ လုံးလည်း မီးလောက်ပျက်စီးခဲ့တယ်လို့ အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

လက်ရှိမှာလည်း ဒေသခံပြည်သူ ၁ သောင်းကျော် (၁၀၇၄၃ ကျော်) ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ပြောင်းရွှေ့နေထိုင်နေကြကာ လက်ရှိမှာမိုးတွင်းကာလ ဖြစ်နေတဲ့အတွက် သွားလာရေးခက်ခဲပြီး အလုပ်အကိုင်တွေလည်း အဆင်မပြေတာကြောင့် စားဝတ်နေရေးနဲ့ အမိုးအကာတွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ သြဂုတ် ၁၆ ရက်အထိ စစ်ကောင်စီနဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၅၅၁၅ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။

ပုံစာ - မုန်းမြို့နယ်အတွင်း လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတဦး။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မုန်း #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10