မုန်းမှာ အုပ်ချုပ်ရေးမှူးရဲ့မိသားစုဝင်အပါ ၃ ဦး မိုင်းထိ

မုန်းမှာ အုပ်ချုပ်ရေးမှူးရဲ့မိသားစုဝင်အပါ ၃ ဦး မိုင်းထိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်၊ မူလတန်းကျောင်းအနောက်ဘက် လှည်းလမ်းမှာ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေအပါအဝင် ၃ ဦး မိုင်းထိပြီးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၈ ရက်မနက် ၈ နာရီကျော်မှာ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးနိုင်ရဲ့ ညီဖြစ်သူ အသက် ၅၀ အရွယ် ဦးစိုးလှိုင် နဲ့ ညီမဖြစ်သူ မမိညှပ် (ခ) ဒေါ်စန်းဌေး ၄၅ နှစ်တို့က ဆိုင်ကယ်နဲ့ လယ်ထဲကိုသွားချိန်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"ပဲအကွက်သွားတိုင်းဖို့ သူတို့မောင်နှမတွေက ဆိုင်ကယ်နဲ့သွားတာ။ ထိတဲ့နေရာက မူလတန်းကျောင်း နောက်ကျောလှည်းလမ်းမှာ။ ဆိုင်ကယ်မောင်းသွားရင်းထိတာ။ သူ့အကိုက ၁စီး။ သူ့ညီမက ၁စီး။ သူ့ညီမမောင်းတဲ့ ဆိုင်ကယ်နားမှာမိုင်းထိတာ"လို့ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မိုင်းထိလို့ ဒေါ်မိညှပ်(ခ)ဒေါ်စန်းဌေးမှာ ခန္ဓာကိုယ်အောက်ပိုင်းမိုင်းစမှန်ဒဏ်ရာရပြီး အကိုဖြစ်သူ ကိုစိုးလှိုင်မှာ လက်အစမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မနက် ၉ နာရီလောက်မှာ မိုင်းထိပျက်စီးသွားတဲ့ ဆိုင်ကယ်တွေကိုလာယူတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ဆွေမျိုးတော်စပ်သူ ဦးဝင်းသန်း (ခ) ကိုမဲဆိုသူမှာလည်း မိုင်းကွဲထားတဲ့နေရာအနီးမှာတင် မိုင်းထပ်ထိပြီး မျက်လုံးနဲ့လက်မှာ ဒဏ်ရာရခဲ့တယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။ 

မိုင်းထိသူတွေကိုတော့ ဒေသခံတွေက ဖြူးဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ဒေါ်မိညှပ်(ခ)ဒေါ်စန်းဌေး ကတော့ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မူလတန်းကျောင်းအနီးလည်းဖြစ်သလို ဒေသခံတွေ အသွားအလာ များတဲ့လမ်းပိုင်းဖြစ်ပြီး ဘယ်သူထောင်ထားတဲ့မိုင်းလဲဆိုတာတော့မသိရဘူးလို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

မေလ ၂၄ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မြောက်ဘက် လယ်ကွင်းထဲမှာ ငါးဖမ်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မုန်း #မိုင်းထိ #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10