မုံရွာက ကိုယ်ဝန်ဆောင်ကို သတ်တဲ့ မုံရွာကျွဲကြီးနဲ့အဖွဲ့ကို ဖမ်းဆီးထား

မုံရွာက ကိုယ်ဝန်ဆောင်ကို သတ်တဲ့ မုံရွာကျွဲကြီးနဲ့အဖွဲ့ကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်ပြီး ပစ္စည်းယူတဲ့ မုံရွာကျွဲကြီးနဲ့ အဖွဲ့ကို ဖမ်းဆီးထားတယ်လို့ မုံရွာမြို့နယ် ပကဖ အဖွဲ့ထံက သိရပါတယ်

ဩဂုတ် ၁၀ ရက် ည ၉ နာရီခန့်မှာ မုံရွာကျွဲကြီးအဖွဲ့ ခိုအောင်းနေတဲ့ မုံရွာမြို့နယ် တနေရာကို ပကဖ၊ ပလဖနဲ့ တပ်ရင်းတွေက ပူးပေါင်းဝင်စီးပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"အခု ပြစ်မှုကျူးလွန်တဲ့အဖွဲ့က တော်လှန်ရေးကာလရောက်မှ လက်နက်ကိုင်ပြီး တလွဲလုပ်နေတဲ့ အဖွဲ့ပါ။ သူ့အဖွဲ့နဲ့အခြားပူးပေါင်းသူတွေပါတယ်။ သူတို့ကို စစ်တော့လည်း လူသတ်ရတဲ့ အကြောင်းမယ်မယ်ရရလည်း မရှိနေဘူး။ သူတို့လုပ်တယ်ဆိုတာကိုတော့ ဖြောင့်ချက်ပေးတယ်"လို့ မုံရွာမြိုနယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ပြီး ပစ္စည်းလုခဲ့တဲ့ လူတွေလို့ဆိုပြီး လူ ၇ ယောက်ကို ရိုက်နှက်စစ်ဆေးနေတဲ့ ရုပ်သံဖိုင်တခုလည်း တယ်လီဂရမ်မှာ တင်ထားတာတွေ့ရပါတယ်။ အဲဒီရုပ်သံမှာတော့ အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်ရှိသူ တယောက်က လူ ၇ ယောက်ရဲ့ မျက်နှာတွေကို အဝတ်စည်းပြီး ထိုးကြိတ်၊ ရိုက်နှက်စစ်ဆေးနေတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။

လက်နက်ကိုင်ပြီး ပြည်သူအပေါ် ပစ္စည်းယူ လုယက်နေတဲ့ အဖွဲ့တွေအပေါ် ရှေ့လျှောက်စစ်ဆေးဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူသွားတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ကို ပစ်သတ်ပြီး ပစ္စည်းယူခဲ့တဲ့ ပြစ်မှုကျူးလွန်သူ မုံရွာကျွဲကြီး အဖွဲ့ခေါင်းဆောင် ကျွဲကြီးအပါအဝင် စုစုပေါင်း  ၇  ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေကိုတော့ NUG အစိုးက ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်အရေးယူသွား မယ်လို့ဆိုပါတယ်။

"ပျူဖြစ်နေရင်တောင်မှ ကိုယ်ဝန်ဆောင်မိခင်တွေကို အခုလိုသတ်ဖြတ်တာ ကျနော်တို့လည်း မလုပ်သလို လုပ်တဲ့သူတွေကိုလည်း ရှုံ့ချတယ်။ ခုလိုလုပ်သူတွေကို ထိရောက်စွာအရေးယူစေချင်တယ်။ တော်လှန်ရေး နာမည်ခံပြီး အခုလို လုပ်တာဟာ တော်လှန်ရေးကို နှောင့်နှေးစေတယ်။ ပြည်သူယုံကြည်မှုကိုလျော့စေတယ်။ အခုလိုလုပ်သူတွေကို ထိထိရောက်ရောက်အရေးယူမှသာ ပြည်သူတွေက ပိုယုံကြည်မှုရလာမှာပါ" Monywa Generation Tigers ဗိုလ်တိုက်ဂါးက ပြောပါတယ်။

အဆိုပါအဖွဲ့ဟာ ယခုဖြစ်စဥ် အပါအဝင် ပစ္စည်းယူ ဓားမြတိုက်လုပ်ရပ် ၃ ခုထက်မနည်းကို လုပ်ဆောင်ထားတယ်လို့ သိရပြီး လက်ရှိမှာ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို သိရအောင် အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် ညနေ ၃ နာရီခန့်မှာ မုံရွာမြို့၊  ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းက နေအိမ်တအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၆ ဦးက နေအိမ်အတွင်းဝင်ရောက်ခါ နေအိမ်အတွင်းရှိ မွေးဖွားရန် ၃ ရက်သာလိုတော့တဲ့ အသက် ၂၄ နှစ်အရွယ်  မိခင်လောင်း မအေးငြိမ်းသူကို လက်လုပ်သေနတ်နဲ့ ဦးခေါင်းကို ပစ်သတ်သွားခဲ့လို့ သေဆုံးခဲ့ပါတယ်။

အဲဒီနောက်မှာ လက်နက်ကိုင်အဖွဲ့ဟာ နေအိမ်မှာရှိနေတဲ့ မအေးငြိမ်းသူရဲ့ ယောက္ခမဖြစ်သူ အမျိုးသမီးကိုပါ သေနတ်နဲ့ထပ်ပစ်လို့ ဒဏ်ရာရသွားသလို နေအိမ်မှာရှိတဲ့ ဖုန်း ၂ လုံးနဲ့ ကလစ်ဆိုင်ကယ်ကို ယူပြီး ထွက်သွား တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ကိုယ်ဝန်ဆောင် #မုံရွာကျွဲကြီး #ချောင်းဦး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10